Connect with us

Politics, Law & Military

ရွေးကောက်ပွဲအတွက် အမည်စာရင်း တင်သွင်းစဉ် ပယ်ချခံရသော ကိုယ်စားလှယ်လောင်း ၈၈ ဦး တစ်ပတ်အတွင်း အယူခံ ဝင်နိုင်ဟုဆို

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေး ပါတီများ အစည်းအဝေးတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးမှ မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းခဲ့စဉ် ပယ်ချခံရသော ကိုယ်စားလှယ် ၈၈ ဦးသည် တစ်ပတ်အတွင်း ရွေးကောက်ပွဲ ကော်မရှင်ထံ အယူခံ ဝင်နိုင်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ယနေ့ ပြောကြားသည်။

“ခရိုင်မှာစိစစ်၊ တိုင်းမှာအယူခံဝင် နောက် ကျွန်တော်ဆီ အယူခံဝင်လို့ရတယ်၊ ၇ ရက်အတွင်း လုပ်ရမှာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်က ပြဋ္ဌာန်းထားသော စည်းမျဉ်း စည်းကမ်းများနှင့် မကိုက်ညီဟု ဆိုကာ သက်ဆိုင်ရာ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်မှ ပယ်ချသော ကိုယ်စားလှယ် လောင်းများသည် ကချင်မှ တစ်ဦး၊ ကယားမှ ၂ ဦး၊ ကရင်မှ ၅ ဦး၊ စစ်ကိုင်းမှ ၁ ဦး၊ ပဲခူးမှ ၉ ဦး၊ မကွေးမှ ၂ ဦး၊ မန္တလေးမှ ၄ ဦး၊ ရခိုင်မှ ၂၈ ဦး၊ ရန်ကုန် ၂၄ ဦးနှင့် ရှမ်းမှ ၁၁ ဦး စုစုပေါင်း ၈၈ ဦးရှိကြောင်း ကော်မရှင် ဥက္ကဌက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်း ၇ ဦး ပယ်ချထားသော်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ်လောင်း ပယ်ချထားခံရမှု မရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

“အခုဟာက ခရိုင်က ပယ်လိုက်တာ။ ကော်မရှင်ကို အယူခံ ဆက်တက်မယ်။ အယူခံ ကာလကတော့ ကျန်သေးတယ်” ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။

NLD မှ ပယ်ချခံရသည့် ကိုယ်စားလှယ်လောင်းများမှာ ရှမ်းပြည်နယ်မှ နှစ်ဦး၊ ကချင်ပြည်နယ်မှ နှစ်ဦး၊ ကယားပြည်နယ်မှ တစ်ဦး၊ ရခိုင်ပြည်နယ်မှ တစ်ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ တစ်ဦးတို့ ဖြစ်ကြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်မည့်နေ့ကို သြဂုတ်လ ၁၈ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားပြီး လက်ရှိတွင် သတ်မှတ်ရက် ပြည့်ထားပြီ ဖြစ်သည်။ (ဆင်ဟွာ)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.