Connect with us

Politics, Law & Military

လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အစီရင်ခံစာသည် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံ၏ အလေးထားကြိုးပမ်းဆောင်ရွက်ချက်များအား ထင်ဟပ်မှုမရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်

နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနအား တွေ့ရစဉ်(ဓာတ်ပုံ - MOFA)

ရန်ကုန် ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ)

လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာသည် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံ၏ အလေးထားကြိုးပမ်းဆောင်ရွက်ချက်များအား ထင်ဟပ်မှုမရှိကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယနေ့ ထုတ်ပြန်ခဲ့သည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ လူကုန်ကူးမှုအစီရင်ခံစာ၌ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အနိမ့်ဆုံးစံ သတ်မှတ်ချက်များကို ပြည့်မီရန် ထိရောက်စွာဆောင်ရွက်မှုမရှိသည့် အဆင့် (၃) (Tier 3) နိုင်ငံများ စာရင်း၌ မြန်မာနိုင်ငံကို ဆက်လက်ထားရှိခဲ့ခြင်းမှာ စိတ်ပျက်ဖွယ်ရာ ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံကို Tier 3 ၌ ယင်းသို့ ဆက်လက်သတ်မှတ် ထားရှိခြင်းမှာ ပြီးခဲ့သည့်နှစ်အတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် မြန်မာအစိုးရ၏ သိသာထင်ရှားသည့် ကြိုးပမ်းဆောင် ရွက်ခဲ့မှုများကို ထင်ဟပ်မှုမရှိကြောင်း တွေ့ရှိရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ လူကုန်ကူးမှုအစီရင်ခံစာသည် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှု များကို လုံလောက်စွာအသိအမှတ်ပြုထားခြင်း မရှိသည်ကို စိတ်ပျက်ဖွယ် တွေ့ရှိရကြောင်း ၊ နောင်ထုတ်ပြန်မည့် အစီရင်ခံစာများသည် တိကျမှန်ကန်မှု၊ ဘက်လိုက်မှုကင်းရှင်းမှုနှင့် သီးခြားလွတ်လပ်မှုတို့ကို ပိုမို၍ အလေးထားအခြေခံလိမ့်မည်ဟု မြန်မာနိုင်ငံအနေဖြင့် မျှော်လင့် ကြောင်း ၊ မြန်မာနိုင်ငံသည် ထိခိုက်လွယ်သည့် အသိုက်အဝန်းမှ ပြည်သူများအားလူမဆန်သည့် လူကုန်ကူးခံရမှုအန္တရာယ်မှ ကာကွယ်တားဆီးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး ကမ္ဘာ့စိုးရိမ်ဖွယ်အရေးကိစ္စဖြစ်သော အလွန်ဆိုးရွားသည့် လူကုန်ကူးမှုပြဿနာကို ဖြေရှင်းရာတွင် အမေရိကန်နိုင်ငံအပါအဝင် မိတ်ဖက်နိုင်ငံများအားလုံးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ 

မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း လူကုန် ကူးမှုကာကွယ် တားဆီးရေး၊ ကျူးလွန်သူများကို အရေးယူရေးနှင့် လူကုန်ကူးခံရသူများကို စောင့်ရှောက်ရေးတို့နှင့် ပတ်သက်၍ သိသာထင်ရှားသည့် တိုးတက်မှုများရရှိခဲ့ကြောင်း ၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် ပြဋ္ဌာန်းခဲ့သည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေသည် ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှု များကို ပြစ်မှုအဖြစ် သတ်မှတ်နိုင်သည့် ခိုင်မာသည့် ဥပဒေမူဘောင် တစ်ရပ်အဖြစ် ချမှတ်ပေးခဲ့ကြောင်း ၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုနှင့်စပ်လျဉ်း၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲအခြေပြစာချုပ် နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့၏ အလုပ်လုပ်နိုင်သည့် အနိမ့်ဆုံးအသက် သတ်မှတ်ချက် ပြဋ္ဌာန်းချက်အမှတ်-၁၃၈ တို့ကို မြန်မာနိုင်ငံက အတည်ပြုပါဝင်ခဲ့ခြင်းသည် ကလေးစစ်သည်များ စုဆောင်းခြင်းနှင့် ကလေးအလုပ်သမားပြဿနာတို့ကို တားဆီး၊ ဖြေရှင်းနိုင်ရန် ခိုင်မာသည့် သန္နိဋ္ဌာန်ကို ပြသခြင်း ပင်ဖြစ်ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ကလေးအလုပ်သမားပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ဒုတိယသမ္မတ ဦးဆောင်သည့် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီကို ဖွဲ့စည်းတာဝန်ပေး အပ်ခဲ့ကြောင်း ၊ အဓမ္မခိုင်းစေမှုပပျောက်စေရန်အတွက်လည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)နှင့်ပူးပေါင်း၍ အမျိုးသားအဆင့် တိုင်ကြားမှုယန္တရားတစ်ရပ်ကို ဖွဲ့စည်းခဲ့ကြောင်း ၊ ၂၀၀၅ ခုနှစ်၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေကိုလည်း မြန်မာနိုင်ငံမှ လက်ခံထားသည့် နိုင်ငံတကာစံနှုန်းများနှင့်အညီ ဖြစ်စေရေး အတွက် ပြင်ဆင်ရေးဆွဲလျက်ရှိကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ 

မြန်မာနိုင်ငံအစိုးရအနေဖြင့် လူကုန်ကူးခံရသူများ ပြန်လည် ထူထောင်နိုင်ရေး၊ ၎င်းတို့၏အသိုက်အဝန်းများသို့ ပြန်လည်ဝင်ရောက် နိုင်ရေးတို့အတွက် အကူအညီပေးလျက် ရှိသကဲ့သို့ လူကုန်ကူးသူများ ကိုလည်း ထိရောက်စွာအပြစ်ပေးအရေးယူလျက်ရှိကြောင်း ၊ ထို့ပြင် မြန်မာရွှေ့ပြောင်းလုပ်သားများကို အကာအကွယ်ပေးနိုင်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်ကို လျှော့ချနိုင်ရေးတို့အတွက် အိမ်နီးချင်း နိုင်ငံများနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ယန္တရားများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အစီရင်ခံစာ အကျုံးဝင်သည့်ကာလအတွင်း မြန်မာနိုင်ငံကို ကြားခံနိုင်ငံအဖြစ် ဖြတ်သန်း၍ ကျူးလွန်သည့် လူကုန်ကူးမှုများသည် ပြီးခဲ့သည့်နှစ်များနှင့်နှိုင်းယှဉ်ပါက သိသာစွာ လျော့ကျလာခဲ့ကြောင်း ၊ ပဋိပက္ခများကြောင့် ပြည်တွင်းရွှေ့ပြောင်းသွားလာသူအရေအတွက် တိုးမြင့်လာသော်လည်း ပြည်တွင်းရွှေ့ပြောင်းသွားလာသူများအား လူကုန်ကူးခံရခြင်းမှ ပိုမိုတားဆီး နိုင်ခဲ့ကြောင်း ၊ မကြာသေးမီက လူကုန်ကူးခံရသည့် လှေစီးဒုက္ခသည်ဖြစ်စဉ် အများစုသည် မြန်မာနိုင်ငံမှ စတင်ထွက်ခွာခဲ့မှုများ မဟုတ်ကြောင်း စိစစ်တွေ့ရှိရကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ 
အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး အတွက် ကြိုးပမ်းမှုတွင် တိုးတက်မှုများအား အသိအမှတ်ပြုသည့်အနေဖြင့် ကုလသမဂ္ဂက မြန်မာ့တပ်မတော်အား ကလေးသူငယ်များကို တပ်သားအဖြစ် စုဆောင်းမှုနှင့် အသုံးပြုမှု ကျူးလွန်သည့်အဖွဲ့အစည်းများစာရင်းမှ မကြာမီက ပယ်ဖျက်ပေးခဲ့ကြောင်းလည်း ထုတ်ပြန်မှုတွင် ထည့်သွင်း ဖော်ပြခဲ့သည်။ (Xinhua)