Connect with us

Politics, Law & Military

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစေရေး နိုင်ငံတော် သမ္မတ ညွှန်ကြား

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးစဉ် (သမ္မတရုံး)

ရန်ကုန်၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစေရေးအတွက်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် တွေ့ဆုံပြီး ရွေးကောက်ပွဲအတွက်  လိုအပ်ချက်များ ညွှန်ကြားခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်သော သတင်းအရ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲများကို ဥပဒေနှင့်အညီ လွတ်လပ်ရမည်၊ ဥပဒေနှင့်အညီ တရားမျှတရမည်၊ ပွင့်လင်းမြင်သာမှုရှိစေရမည်၊ အများယုံကြည်လက်ခံနိုင်မှုရှိစေရမည်၊ မဲဆန္ဒရှင်ပြည်သူများ ၏ ဆန္ဒနှင့်မဲရလဒ် တစ်ထပ်တည်းဖြစ်စေရမည်ဟု စံ (၅) ချက်သတ်မှတ်ထားကြောင်း၊ ယင်းစံ (၅) ချက်အတိုင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ အနေဖြင့်လည်း သမာသမတ်ကျကျ တက်ညီလက်ညီ အားလုံး လုပ်ကိုင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

oရွေးကောက်ပွဲဥပဒေတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား နှင့် နိုင်ငံသားပြုခွင့်ရသူများ မဲပေးခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားကြောင်း ယင်းအခွင့်အရေးအရ မဲပေးခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်နှင့် မဲပေးနိုင်အောင် စီစဉ်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

တပ်မတော်သားများ၊ နိုင်ငံပြင်ပရောက်နေသည့် ပုဂ္ဂိုလ်များနှင့် မသန်စွမ်းများ ကိုလည်း မဲပေးပိုင်ခွင့် မဆုံးရှုံးအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊  မဲပေးပိုင်ခွင့်ရရှိအောင် ဆောင်ရွက်ပေးရာတွင်လည်း ဥပဒေ၊ နည်းဥပဒေအတိုင်းသာ ဆောင်ရွက်ကြရန်လိုကြောင်း၊ ကြိုတင်မဲများပေးရာတွင်လည်း ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတက ပြောသည်။

မည်သူမဆို ဆန္ဒမဲပေးပိုင်ခွင့်၊ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ကို အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်ဩဇာသုံးခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ လာဘ်ပေးလာဘ်ယူခြင်း၊ လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြပြီး ဆန္ဒမဲပေးရန်၊ မပေးရန် ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ခြင်း၊ အားပေးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒမဲပေးခြင်းကို ပျက်ပြားစေရန်၊ ရွေးကောက်ပွဲကို ပျက်ပြားစေရန် ဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊ ရေးသားခြင်း၊ ဖြန့်ချိခြင်း၊ အခြားတစ်နည်းနည်းဖြင့် အားထုတ်ကြိုးပမ်းဆောင်ရွက်ခြင်း စသည့် ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများကိုလည်း ဥပဒေနှင့်အညီကိုင်တွယ်ကြ၍ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း ၎င်းကဆိုသည်။

ကျန်းမာရေး ဝန်ထမ်းများအနေဖြင့်လည်း COVID-19 ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာနည်းလမ်းများနှင့်အညီ ရွေးကောက်ပွဲကျင်းပနိုင်ရန် ဆောင်ရွက်ပေးစေလိုပါကြောင်း နိုင်ငံတော် သမ္မတက ညွှန်ကြားခဲ့ကြောင်း သိရသည်။နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအား ဇူလိုင် ၈ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းသူ၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးကျော်တင်၊ ဒေါက်တာ ဖေမြင့်၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေးနှင့် ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်ရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ဦးမြင့်နိုင်၊ ဦးသန်းဌေး၊ ဦးညွန့်စိန်၊ ဦးသက်ထွန်း၊ ဦးမြင့်အောင်၊ ဦးစောဒယ်နီရယ်ကြည်၊ ဦးအောင်စိုးဝင်း၊ ဦးသန်းအောင်၊ ဦးမင်းဆွေနှင့် ဦးဆွေတင့်လွင် တို့ တက်ရောက်ခဲ့ကြကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)