Politics, Law & Military
သြင်္ကန်အထူးရထား၊ ဝန်ထမ်းအထူးရထား ပြေးဆွဲပေးမည်
နေပြည်တော်၊ ဧပြီ ၄ ရက်(ဆင်ဟွာ)
မဟာသြင်္ကန်ကာလတွင် သွားလာမှု အဆင်ပြေစေရေးအတွက် မြန်မာ့ မီးရထားက သြင်္ကန် အထူး ရထားများနှင့် ဝန်ထမ်း အထူးရထားများ ပြေးဆွဲပေးမည် ဖြစ်ပြီး ရထားလက်မှတ်ခများအား ယခင် ဈေးနှုန်းများအတိုင်း ရောင်းချမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ေရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
သြင်္ကန်အထူးရထားများအား ရန်ကုန်မှ မန္တလေးသို့ ဧပြီလ ၈ ရက်မှ ၁၃ ရက် အထိလည်း ကောင်း၊ သြင်္ကန်အပြီးတွင် ဧပြီလ ၁၈ ရက် နှင့် ၁၉ ရက်များတွင် လည်းကောင်း ပြေးဆွဲပေးမည် ဖြစ်ပြီး မန္တလေးမှ ရန်ကုန်သို့ သြင်္ကန် အထူး ရထားများကို ဧပြီလ ၉၊ ၁၀၊ ၁၁၊ ၁၃ ရက် များနှင့် သြင်္ကန် အပြီး ဧပြီလ ၁၇၊ ၁၈ နှင့် ၁၉ ရက် များတွင် ပြေးဆွဲပေးမည် ဖြစ်ကြောင်း၊ ဝန်ထမ်း အထူး ရထားအား နေပြည်တော်မှ ရန်ကုန်သို့ ဧပြီလ ၁၂ ရက်၊ ရန်ကုန်မှ နေပြည်တော်သို့ ဧပြီလ ၁၇ ရက် တို့တွင် ပြေးဆွဲပေးမည် ဖြစ်ကြောင်း၊ ရန်ကုန်နှင့် မန္တလေးတို့မှ ပြေးဆွဲပေးမည့် သြင်္ကန် အထူး ရထားများသည် ညနေ ၄ း ၀၀ နာရီတွင် စတင် ထွက်ခွာမည် ဖြစ်ပြီး နောက်တစ်နေ့ နံနက် ၆ း ၀၀ နာရီတွင် ခရီးဆုံး ဘူတာသို့ ရောက်ရှိမည် ဖြစ်ကြောင်း၊ လမ်းခရီး ရပ်တန့်ပေးမည့် ဘူတာများမှာ တိုးကြောင်ကလေး၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်နှင့် သာစည်ဘူတာတို့ ဖြစ်ကြောင်း၊ ရထားလက်မှတ်ခများကို ယခင်ဈေးနှုန်းအတိုင်း ရောင်းချပေးသွားမည် ဖြစ်ပြီး လက်မှတ်ဝယ်ယူမှု အဆင်ပြေစေရေးအတွက် မြန်မာ့မီးရထား တာဝန်ရှိ သူများက အဆင့်ဆင့် ကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြ ပါရှိသည်။
ထို့အတူ ရန်ကုန်မြို့တွင်းနှင့် ဆင်ခြေဖုံး လမ်းပိုင်းအတွက်လည်း ပြည်သူများ ခရီးသွားလာမှု အဆင် ပြေစေရန် ရထားတွဲဆိုင်း ရှစ်ဆိုင်း၊ ရထားစီးရေ ၉၀ စင်းတို့ဖြင့် နေ့စဉ် ပြေးဆွဲပေးသွားမည် ဖြစ် ကြောင်း မြန်မာ့ မီးရထား၊ အမှတ်(၇)တိုင်း ၊ရန်ကုန်က သတင်းထုတ်ပြန်ထားကြောင်း သိရ သည်။(Xinhua)