Connect with us

Politics, Law & Military

အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် တိုက်ပွဲများ လျှော့ချနိုင်ပြီး ထိတွေ့မှု ၄ ကြိမ်သာ ဖြစ်ပွားမှုရှိ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ရာစုပင်လုံ ပထမနေ့ သတင်းစာရှင်းလင်းပွဲ မြင်ကွင်း (ဆင်ဟွာ)

နေပြည်တော် ၊ သြဂုတ် ၃၁ ရက်(ဆင်ဟွာ)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် စာချုပ် လက်မှတ်ရေးထိုးပြီးနောက် တိုက်ပွဲများ ဖြစ်ပွားမှုအား လျှော့ချနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလမှ ယခုချိန်ထိ ထိတွေ့မှု ၄ ကြိမ်သာ ဖြစ်ပွားမှု ရှိခဲ့ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ ကျင်းပရေး ဗဟို ကော်မတီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦးက ယနေ့သြဂုတ်လ ၃၁ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လက်မှတ် ရေးထိုးပြီးနောက် ထိတွေ့မှုများ အနေဖြင့် ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် ၁ ကြိမ် ၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ၊ ယင်းတို့မှာ သာမန် ထိတွေ့မှု များသာ ဖြစ်ပြီး ၊ လက်မှတ် ရေးထိုးထားသည့် အဖွဲ့များနှင့် တိုက်ပွဲများစွာ လျှော့ချနိုင်ခဲ့ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦးက ပြောကြားခဲ့သည်။

ထို့အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုး ပြီးသည့် ဒေသများ၌ မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်များအား ဖာပွန်နှင့် ကျောက်ကြီး နယ်မြေ တို့တွင် ရှေ့ပြေး စီမံချက်များ အဖြစ် စတင် လုပ်ဆောင်နေကြောင်း ၊ ရှေ့ပြေး စီမံချက်များ အောင်မြင်လာသည်နှင့် အမျှ လက်မှတ် ရေးထိုးပြီးသည့် နယ်မြေများတွင် မိုင်းရှင်းလင်းရေး ကိစ္စများအား ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ပြင် ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် အားလုံး ပါဝင်လာရေး အပေါ် “မပါသေးတဲ့ အဖွဲ့တွေနဲ့ကတော့ နေ့တိုင်းပဲ ကျွန်တော်တို့ဆက်သွယ် ဆောင်ရွက်နေပါတယ်။သူတို့လုပ်ရမယ့် အပိုင်းတွေ ရှိသလို ကျွန်တော်တို့လုပ်ရတဲ့ အပိုင်းတွေလည်း ရှိတာပေါ့။ သူတို့လုပ်ဆောင်ရမယ့် အပိုင်းတွေမှာ တရားဝင် အကြောင်းပြန်ကြားချက်တွေ မရသေးတဲ့အခါမှာ လုပ်ရကိုင်ရတာ နည်းနည်း ခက်နေတာပေါ့။ခု လက်ရှိ အကျိုးဆောင်တွေက တဆင့် ဆက်သွယ်နေပါတယ်။ ဒီညီလာခံ ပြီးလို့ရှိရင်လည်း မကြာခင်လည်း ပြန်တွေ့ကောင်း တွေ့ပါမယ်။ တွေ့ဖို့လည်း အစီအစဉ်တွေ ရေးဆွဲ ညှိနှိုင်းနေပါတယ်။ တွေ့ပြီးလို့ရှိရင်လည်း ညှိနှိုင်းလိုက်တဲ့ အခါမှာ အပေါင်းလက္ခဏာ ဖြစ်သွားဖို့လည်း များပါတယ်။ ဖြစ်သွားလို့ရှိရင် နောင်လာမည့် ညီလာခံတွေမှာ သူတို့ပါဝင် ပေါင်းစပ်နိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်လာမယ်”ဟု ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦးက ပြောကြားခဲ့သည်။
အစိုးရသစ် လက်ထက် ပထမဆုံး အကြိမ် အဖြစ် ကျင်းပ ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံ ပြီးနောက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်သွားမည် ဖြစ်ပြီး ညီလာခံအား ၆ လ တစ်ကြိမ် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ ညီလာခံ အပိတ်သည် ၂၀၁၉ ခုနှစ် ၂၀၂၀ လောက်မှသာ ဖြစ်နိုင်ပြီး ပြည်ထောင်စု သဘောတူညီချက်ကြီး ရမှသာ ညီလာခံကြီး ပိတ်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.