Politics, Law & Military
အမျိုးသား၊ ပြည်သူ့နှင့် တိုင်းဒေသကြီး(သို့)ပြည်နယ် လွှတ်တော်များမှ တပ်မတော်သား ကိုယ်စားလှယ် ၁၇ ဦး ပြောင်းလဲ ခန့်အပ်
ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)
အမျိုးသား၊ ပြည်သူ့နှင့် တိုင်းဒေသကြီး(သို့)ပြည်နယ် လွှတ်တော်များမှ တပ်မတော်သား ကိုယ်စားလှယ် ၁၇ ဦး ပြောင်းလဲ ခန့်အပ်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော သတင်းအရ သိရသည်။
တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၄ဦး၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၆ ဦးနှင့် တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်(သို့မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၇ ဦးတို့၏ အမည်စာရင်းတင်ပြလာမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး ဇန်နဝါရီ ၂၆ ရက်တွင် အစားထိုးပြောင်းလဲခွင့်ပြုလိုက်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ရှိ ယခင် ဒုတိယဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးအဆင့်ရှိ တပ်မတော်သားကိုယ်စားလှယ် ခြောက်ဦးနေရာ၌ ဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးချုပ်အဆင့်များဖြင့်လည်းကောင်း၊ အမျိုးသားလွှတ်တော်ရှိ ယခင် ဗိုလ်မှူးအဆင့်ရှိ တပ်မတော်သား ကိုယ်စားလှယ် လေးဦးနေရာတွင် ဗိုလ်မှူးကြီးနှင်ဗိုလ်မှူးချုပ်အဆင့်များဖြင့်လည်းကောင်း ၊ ယခင် ဗိုလ်ကြီးနှင့် ဗိုလ်မှူးအဆင့်ရှိ တိုင်းဒေသကြီးလွှတ်တော်(သို့မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၇ ဦးနေရာ၌ ဗိုလ်ကြီးနှင့် ဗိုလ်မှူးအဆင့်များဖြင့်လည်းကောင်း အစားထိုးပြောင်းလဲ ခန့်အပ်လိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ဇန်နဝါရီ ၂၆ရက် က ထုတ်ပြန် ကြေညာအရ သိရသည်။
၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပခဲ့သော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်တင်သွင်းခဲ့သော တပ်မတော်သား ကိုယ်စားလှယ် ခုနှစ်ဦးအား အမည်စာရင်းပြောင်းလဲလိုကြောင်း ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြား ချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး အစားထိုး ပြောင်းလဲခွင့် ပြုလိုက်ခြင်းဖြစ်သည်။ (Xinhua)