Politics, Law & Military
အာဇာနည်နေ့အခမ်းအနားအတွက် လုံခြုံရေးကို အထူးအလေးထားဆောင်ရွက်မည်ဟု ဒုတိယ သမ္မတဆို
ရန်ကုန်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)
နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနားကျင်းပရာတွင် လုံခြုံရေးကို အထူးအလေးထားပြီး စနစ်တကျ တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ကျင်းပရေးဗဟို ကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနားကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နှစ်(၇၀)ပြည့် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဗဟို ကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားလုံခြုံရေးကို တာဝန်ယူဆောင်ရွက်ရာ၌ အထူးအလေးထားပြီး စနစ်တကျ တာဝန်ယူ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ လွတ်လပ်ရေးဖခင်ကြီးနှင့်တကွ အာဇာနည်ခေါင်း ဆောင်ကြီးများ ကျဆုံးသည့် အာဇာနည်နေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြည်သူလူထုတစ်ရပ်လုံး ပိုမိုသိရှိအောင် ဆောင်ရွက်ရန် အရေးကြီးကြောင်း ၎င်းကဆိုသည်။
အာဇာနည်နေ့ နှင့် ပတ်သက်သည့် သတင်းဆောင်းပါးများ၊ တွေ့ဆုံမေးမြန်းခန်းများ၊ ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းများ၊ အာဇာနည်နေ့နှင့်သက်ဆိုင်သည့် သီချင်းများ၊ လွတ်လပ်ရေး ကြိုးပမ်းခဲ့သည့် မှတ်တမ်းများ၊ ရုပ်ရှင်ထုတ်လွှင့်ခြင်းများ ဆောင်ရွက်သွားမှသာ နောင်လာ နောက်သားများအနေဖြင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ အသက်ပေးဆောင်ရွက်သွားသည်များကိုသိရှိပြီး လွတ်လပ်ရေးကို အသက်ပေးစောင့်ရှောက်ကြမည် ဖြစ်ပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကိုလည်း ကြည့်ရှုလေ့လာ၍ စံနမူနာယူနိုင်ရန် ဖွင့်လှစ် ပြသသွားရမည်ဖြစ်ပါကြောင်း၊ နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အနှစ်သာရပြည့်ဝစွာ ကျင်းပနိုင်ရေးအတွက် ဘက်ပေါင်းစုံရှုထောင့် ပေါင်းစုံမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ဒုတိယ သမ္မတက ပြောသည်။(Xinhua)