Connect with us

Politics, Law & Military

အောင်ဘာလေ သိန်းဆု ခွန် ၂၀၁၈ – ၁၉ တစ်နှစ်တာ လျာထားချက်ထက် ကျော်လွန် ရရှိခဲ့ဟုဆို

အောင်ဘာလေထီထိုးနေသူ တစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ အောင်ဘာလေ သိန်းဆုခွန်၏ ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လပတ်(ဧပြီလမှ စက်တင်ဘာလအထိ) ကောက်ခံ ရရှိမှုသည် ၂၀၁၈ – ၁၉ တစ်နှစ်တာ လျာထားချက်ထက် ပြည့်မီ ကျော်လွန်ခဲ့ရာ လျာထားချက် အပေါ်တွင် ၁၀၀ ဒသမ ၈၂ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင် ခဲ့ခြင်း ဖြစ်သည်ဟု  စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေး၌ ရှင်းလင်း ဖြေကြားခဲ့သည်။

“အောင်ဘာလေ သိန်းဆုခွန်ကို ၁၉၃၈ ခုနှစ်က စတင်ခဲ့ပြီး နိုင်ငံတော် အစိုးရက စီးပွားရေးလုပ်ငန်း အဖြစ် ဆောင်ရွက်ခြင်း မဟုတ်ဘဲ အခွန်ကောက်ခံခြင်း စနစ်တစ်ရပ် အဖြစ် ဆောင်ရွက်ခြင်း ဖြစ်ပါ တယ်၊ နှစ်စဉ်ရငွေ လျာထားရာမှာ လစဉ်ထုတ်ဝေရန် လျာထား အုပ်ရေအရေအတွက်အရ ရှိနိုင်တဲ့ ပမာဏ၊ လာရောက်ထုတ်ယူခြင်း မရှိတဲ့ ထီဆုငွေများမှ နိုင်ငံတော်က ပြန်ရနိုင်တဲ့ ပမာဏ နှစ်ရပ်ပေါင်းပြီး တွက်ချက်ရပါတယ်၊ တစ်နှစ်ပြည့်တဲ့ အထိ လာရောက် ထုတ်ယူခြင်း မပြုမှသာ အခွန်ဘဏ္ဍာအဖြစ် ရယူခြင်း ဖြစ်ပါတယ်၊ အခွန်ရယူပြီးတဲ့ အခါ အများအတွက် ပိုမို သုံးစွဲနိုင်မှာ ဖြစ်ပါတယ်၊ အစိုးရက အမြတ်ကြီးစားခြင်း မဟုတ်ပါ” ဟု ဒုတိယဝန်ကြီးက ရှင်းလင်း ဖြေကြားခဲ့သည်။

ထို့အပြင် ထီလက်မှတ်တန်ဖိုး တိုးမြှင့်တိုင်း အမြင့်ဆုံး ဆုမဲ တန်ဖိုးများ တိုးမြှင့်ပေးခဲ့ကြောင်း၊ ထီ လက်မှတ်များကို သတ်မှတ်ဈေးများဖြင့် ဝယ်ယူနိုင်ရန် အောင်ဘာလေ သိန်းဆုဌာနခွဲ (ရန်ကုန်မြို့) နှင့် အောင်ဘာလေ သိန်းဆုဌာနခွဲ(မန္တလေး ရုံးခွဲ)၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ရုံး အသီးသီးနှင့် နေပြည်တော် မြို့မဈေး တို့တွင် တိုက်ရိုက် လက်လီ ရောင်းချပေးလျက်ရှိကြောင်း၊ နောင်တွင် အဆင့်ဆင့် တိုးချဲ့ရောင်းချသွားရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထီစာအုပ်များ ဝယ်ယူ ရောင်းချလိုပါက ဘဏ္ဍာနှစ် မတိုင်မီ ကြိုတင် လျှောက်ထား ဝယ်ယူနိုင်ရန် မီဒီယာ အမျိုးမျိုးမှ ကြော်ငြာများ ထည့်၍ ပွင့်လင်း မြင်သာစွာ ရောင်းချပေးလျက်ရှိကြောင်းလည်း ဒုတိယ ဝန်ကြီးက ရှင်းလင်း ဖြေကြားခဲ့သည်။

ဈေးကွက် ဝယ်လိုအား ကျဆင်းနေခြင်း၊ ထီစာအုပ်များ ရောင်းချနိုင်ခြင်း မရှိသည့်အတွက် ကောက်ခံငွေ လျော့နည်းခဲ့ရသော်လည်း ၂၀၁၈ – ၁၉ ဘဏ္ဍာတစ်နှစ်လုံး ပြုပြင်ပြီး လျာထားချက် ကျပ် ၁၄၄ ဒသမ ၀၂၈ ဘီလီယံ၊ အကောင်အထည်ဖော်နိုင်မှု ရာခိုင်နှုန်း၁၀၀ ဒသမ ၈၂ ရာခိုင်နှုန်း ဖြစ်သောကြောင့် လျာထားချက်ထက် ကျော်လွန်ကောက်ခံနိုင်ခဲ့ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၏ ၂၀၁၈ – ၁၉ ဒုတိယ ခြောက်လပတ် (ဧပြီလမှ စက်တင်ဘာလ အထိ) အခွန်အကောက် ရရှိမှု အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.