Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ အိန္ဒိယ နိုင်ငံ ခရီးစဉ် အတွင်း နားလည်မှုစာချွန်လွှာနှင့်သဘောတူညီချက် ၁၀ ခု လက်မှတ် ရေးထိုး 

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အိန္ဒိယ နိုင်ငံ၌ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးနေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ အိန္ဒိယ သမ္မတ နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ် အတွင်း နှစ်နိုင်ငံ သဘောတူညီချက် နှင့် နားလည်မှု စာချွန်လွှာ ၁၀ ခုအား ဖေဖော်ဝါရီ ၂၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး၏ သတင်းထုတ်ပြန်မှု အရ သိရသည်။ 

အဆိုပါ နားလည်မှု စာချွန်လွှာနှင့်သဘောတူညီချက် ၁၀ ခု အနက် နားလည်မှု စာချွန်လွှာ ၅ ခု ပါဝင်ပြီး ယင်းတို့မှာ တရားမဝင်သစ် ကူးသန်းရောင်းဝယ်မှု တိုက်ဖျက်ရေး ၊ ကျားနှင့် အခြားတောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေးတို့တွင် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ ၊ ကျန်းမာရေးသုတေသန နယ်ပယ်တွင် မြန်မာဆေးသုတေသန ဦးစီးဌာန နှင့် အိန္ဒိယကျန်းမာရေးသုတေသနကောင်စီတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ဆက်သွယ်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ ၊ ရေနံထွက်ပစ္စည်းများကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် လူကုန်ကူးခြင်းမှ ကြိုတင်ကာကွယ်ရေး၊ လူကုန်ကူးခံရ သူများအား ကယ်တင်ရေး၊ ပြန်လည်ထူထောင်ရေး၊ ပြန်လည်လွှဲပြောင်းရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်း ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နှင့် ဇနီး ဒေါ်ချိုချို ၊ အိန္ဒိယ သမ္မတနိုင်ငံ သမ္မတ ရှရှီရမ်နက်သ်ကိုဗင့်ဒ် နှင့် ဝန်ကြီးချုပ် ရှရီနရန်ဒရာမိုဒီတို့ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

 နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နှင့် အိန္ဒိယ သမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီနရန်ဒရာမိုဒီတို့အား တွေ့ရစဉ်(ဆင်ဟွာ) 

သဘောတူညီချက် ၅ ခုမှာ မြန်ဆန်စွာ အကျိုးဖြစ် ထွန်းစေမည့် စီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရန် အိန္ဒိယနိုင်ငံမှ အကူအညီ ပေးရေးဆိုင်ရာသဘောတူညီချက် ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အောက်တွင် မြောက်ဦးမြို့နယ်ရှိ ဆေးရုံတွင် စွန့်ပစ်ပစ္စည်းမှ စွမ်းအင်ပြန်လည်ထုတ်ယူနိုင်သောစက်ရုံ တည်ဆောက်ရေးနှင့် ဂွမြို့နယ်တွင် မျိုးစေ့သိုလှောင်ရုံများနှင့် ရေပေးဝေရေးစနစ် တည်ဆောက်ရေးဆိုင်ရာ စီမံကိန်းသဘောတူညီချက်၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အောက်တွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် (၅)မြို့နယ်၌ နေရောင်ခြည် စွမ်းအင်မှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာ စီမံကိန်းသဘောတူညီချက်၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အောက်တွင် ဘူးသီးတောင်မြို့နယ်၌ ကျွဲရိုင်း-အိုးဖြူကျေးရွာသွား လမ်းခင်းခြင်းနှင့် ကျောင်းတောင်-ကျွန်းပေါက် ကျေးရွာချင်းဆက်လမ်းအား ကျောက်ချော လမ်းခင်းခြင်းဆိုင်ရာ စီမံကိန်း သဘောတူညီချက်၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အောက်တွင် မူလတန်း ကြိုကျောင်းများ ဆောက်လုပ်ရေးဆိုင်ရာ စီမံကိန်းသဘော တူညီချက်တို့ ဖြစ်ကြောင်း သိရသည်။

နားလည်မှု စာချွန်လွှာနှင့်သဘောတူညီချက်များအား အိန္ဒိယ နိုင်ငံ နယူးဒေလီမြို့ရှိ နိုင်ငံတော်ဧည့်ဂေဟာ(Hyderabad House)ရှိ Kailash Room ၌ ပြုလုပ်သည့် နှစ်နိုင်ငံ သဘောတူ စာချုပ်များနှင့် နားလည်မှု စာချွန်လွှာများ လဲလှယ်ပွဲတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နှင့် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နရန် ဒရာ မိုဒီတို့ရှေ့မှောက်၌ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူမား၊ အိန္ဒိယနိုင်ငံ Ministry of Petroleum and Natural Gas မှ Joint Secretary Mr.Sunil Kumar နှင့် Bhargava,ICMR မှ Prof (Dr) Balram တို့က အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)