Connect with us

Politics, Law & Military

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် အတွင်း ငွေကျပ် ၃၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ သိမ်းဆည်းရမိ

ကွတ်ခိုင်မြို့နယ် အတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား တွေ့ရစဉ်(ဓာတ်ပုံ - တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ရန်ကုန် ၊ မတ် ၂ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်း ငွေကျပ် ၃၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများအား သုံးရက်ဆက်တိုက် ပိုင်ရှင်မဲ့ အသီးသီး သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်မှုအရ သိရသည်။

ကွတ်ခိုင်မြို့နယ်တွင် လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းများအရ ကောင်းခါးကျေးရွာနှင့် အနီးပတ်ဝန်းကျင်တို့၌ ဖေဖော်ဝါရီ ၂၈ ရက်တွင် မသင်္ကာဖွယ်ရာ အဆောက်အဦ ၂ လုံးအတွင်းမှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဂက်စ်မီးဖို ၁၅၈ လုံး၊ ဓာတုဆေးရည်ဗူး ၄၁၀ ဗူး၊ ၅ ဂါလန်ဆံ့ ဓာတုဆေးရည်ပုံး ၂၆၆ ပုံး၊ ဓာတုဆေးရည်အိတ် ၈၇ အိတ်၊ အက်ဆစ်များထည့်ထားသည့် ပေပါ ၁၅ လုံး၊ ဆေးပြားရိုက်စက် ၁ ခု နှင့် မူးယစ်ဆေးဝါး ချက်လုပ် သည့်ဆက်စပ်ပစ္စည်းမျိုးစုံအား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၉ ရက် နေ့လည်ပိုင်းတွင် မြေကျင်းတူး၍ သိုဝှက်ထားသည့် အက်ဆစ် ၅၀ ဂါလန်ဆံ့ ပေပါ ၂၈၁ လုံးတို့အား လည်းကောင်း၊ ညနေပိုင်းတွင် မသင်္ကာဖွယ်အဆောက်အဦတစ်လုံးအတွင်းမှ WY တံဆိပ်နှင့် R တံဆိပ်ရောရာ စိတ်ကြွဆေးပြား ၅၁ အိတ်၊ 88/1 တံဆိပ်ပါ စိတ်ကြွဆေးပြား ၆ အိတ်၊ တံဆိပ်ပါရှိမှုမရှိသော စိတ်ကြွဆေးပြား ၂၅ အိတ် စုစုပေါင်းစိတ်ကြွဆေးပြား ၁၆,၄၀၀,၀၀၀ ပြားနှင့် ဘိန်းဖြူဆပ်ပြာခွက် ၃,၃၀၀ ခွက်(၃၃,၀၀၀ဂရမ်ခန့်)တို့အား လည်းကောင်း သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

မတ်လ ၁ ရက် နံနက်ပိုင်းတွင် ပိုင်ရှင်မဲ့အဆောက်အဦတစ်လုံးအတွင်းမှ WY ၊ R ၊ 88/1 တံဆိပ်နှင့် တံဆိပ်မပါ အစိမ်းရောင်၊ လိမ္မော်ရောင်၊ ပန်းရောင်ရောရာ စိတ်ကြွဆေးပြား ၁,၅၄၀,၀၀၀ ပြား၊ ဘိန်းဖြူဆပ်ပြာခွက် ၁၄၀ ခွက်၊ ဆေးပြားရေတွက်စက် ၂ လုံး၊ အမှုန့်ကြိတ်စက် ၁ လုံး၊ DAF-XF အမျိုးအစား ၈ ဘီးခေါင်းတွဲယာဉ် ၁ စီး၊ တစ်ပါအမျိုးအစား ၁၀ ဘီးယာဉ် ၁ စီး၊ NISSAN အမျိုးအစား၂၂ ဘီးယာဉ် ၁ စီး၊ တစ်ပါအမျိုးအစား ၂ ကရောင်း ၆ ဘီးယာဉ် ၁ စီး၊ CHENGLONG အမျိုးအစား ၂ ကရောင်း ၆ ဘီးယာဉ် ၁ စီး၊ အက်ဆစ်ကော်ပေပါအပြာ ၁၂၆ လုံး၊ အက်ဆစ်သံပေပါအပြာ ၂၄ လုံး၊ ဂက်စ်အိုး ၁၆၀ လုံး၊ အမျိုးအစားစိစစ်ဆဲ အဖြူရောင်ကုန်ကြမ်းမှုန့် ၃၃ အိတ်၊ အရိုးမီးသွေးအိတ် ၂၅ အိတ်နှင့် ၅ ဂါလံဆံ့အက်ဆစ်ပုံး ၁၆ ပုံးတို့အား အသီးသီး ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ မော်တော်ယာဉ်များ၊ ငွေကျပ် ၃၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်းနှင့် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.