Connect with us

Politics, Law & Military

ပြည်ခိုင်ဖြိုးပါတီ၏ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအပေါ် မျှော်မှန်းချက်ကို ဥက္ကဋ္ဌသစ်ပြောကြား

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ဥက္ကဋ္ဌသစ် ဦးသန်းဌေးအား သတင်းစာရှင်းလင်းပွဲတွင်တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP)၏ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအပေါ် မျှော်မှန်းချက်ကို ပါတီ၏ ဥက္ကဋ္ဌသစ်ဖြစ်သူ ဦးသန်းဌေးက နေပြည်တော် ပြည်ခိုင်ဖြိုးပါတီ ရုံးချုပ်တွင် ပါတီ ညီလာခံ အပြီး ယနေ့ညနေပိုင်း၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကန့်သတ် ရည်မှန်းချက်နဲ့ ထိုက်သင့်တဲ့ အောင်မြင်မှုအထိ အနိုင်ရအောင် ကြိုးပမ်းသွားပါမယ်” ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌအသစ် ဦးသန်းဌေးက သတင်းစာရှင်းပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

သြဂုတ်လ ၂၂ ရက်မှ ယနေ့နံနက်အထိ ပြုလုပ်ခဲ့သည့် ပြည်ခိုင်ဖြိုး ပါတီ ညီလာခံတွင် ၂၀၁၅ ရွေးကောက်ပွဲ၏ ရလဒ်ကို ပြန်လည် သုံးသပ်ကာ ပါတီ၏ မူဝါဒကို မပြုပြင်ဘဲ လူကို (ဖွဲ့စည်းပုံကို) ပြင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် ရှုံးခြင်း နိုင်ခြင်းကို ဘေးဖယ်ထားပြီး ရေရှည် တည်တံ့နိုင်ရေးကိုသာ ဦးစားပေးကာ ပါတီလုပ်ငန်းများကို ရှေ့တန်းမှ အမှန်တကယ် စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်မည်ဟု ယူဆရသည့် ပုဂ္ဂိုလ်များဖြင့် ပါတီ ဗဟိုကော်မတီဝင်များမှ အောက်ခြေ အဆင့်ဆင့် အထိ သွေးသစ်လောင်းဖွဲ့စည်းခဲ့ကြောင်း၊ တစ်နိုင်ငံလုံးတွင် ပါတီဝင် ဦးရေ ငါးသန်းခန့်ရှိကြောင်းလည်း ၎င်းက မီဒီယာကို ပြောခဲ့သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ သတင်းစာရှင်းလင်းပွဲမြင်ကွင်း (ဆင်ဟွာ)

ပြည်ခိုင်ဖြိုး ပါတီသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြောင်းလဲရေးကို ပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာ စာတမ်းတွင် ဖော်ပြခဲ့သည့်အတိုင်း မူအားဖြင့် သဘာတူကြောင်း၊ သို့သော် ၂၁ ရာစု ပင်လုံ ညီလာခံမှ ထွက်လာမယ့် ရလဒ် အပေါ် မူတည်ပြီး လိုအပ်သလို ပြင်ဆင် ပြောင်းလဲသွားမည်ဖြစ်ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နှင့် ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောခဲ့သည်။ (Xinhua)