Connect with us

Politics, Law & Military

၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ရှိ အိမ်ခြေ ရှစ်သောင်းကျော် မီးလင်းရေး ဆောင်ရွက်မည်

အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း မိတ်ဆက် အခမ်းအနားတွင် လယ်ယာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဒေါက်တာ ခင်ဇော် အဖွင့် မိန့် ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်အတွင်း ကျေးရွာပေါင်း ၁၃၃၀ ကျော်မှ အိမ်ခြေ ရှစ်သောင်းကျော်တို့အား အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း (National Electrification Project – Off Grid) ဖြင့် မီးလင်းစေရေး ဆောင်ရွက်သွားမည်ဟု လယ်ယာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးခန့်ဇော်က ယနေ့ ပြောကြားခဲ့သည်။

“လက်ရှိ ဘဏ္ဍာရေးနှစ်ထဲမှာ တစ်အိမ်သုံး ဆိုလာစနစ်နဲ့ ရွာပေါင်း ၁၃၀၀ ကျော်နဲ့ အသေးစား လျှပ်စစ်ဓာတ်အားပေး စနစ်နဲ့ ရွာ ၃၄ ရွာ ( စုစုပေါင်း အိမ်ခြေ ရှစ်သောင်းကျော်) တို့မှာ မီးလင်းရေး ကို ဆက်လက်ဆောင်ရွက်သွားပါမယ်” ဟု နေပြည်တော် ရုံးအမှတ် (၃၆)တွင် ယနေ့နံနက် ပြုလုပ်သော အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း မိတ်ဆက်ခြင်း၊ မီဒီယာများနှင့် တွေ့ဆုံခြင်း အခမ်း အနား တွင် ၎င်းက ပြောခဲ့သည်။

ထို့အပြင် ညွှန်ကြားရေးမှူးချုပ်က “ပြီးခဲ့တဲ့ ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်မှာ ICB (International Competition Bidding) စနစ်နဲ့ ဆောင်ရွက်ခဲ့တာ ၉၆ ရာခိုင်နှုန်းကျော် ပြီးစီးခဲ့ပါတယ်၊ အခု ၂၀၁၇ – ၁၈ နှစ်အတွက် တစ်အိမ်သုံး ဆိုလာ စနစ်နဲ့ အသေးစား ဓာတ်အားပေး စနစ်တွေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ရှင်းပြခဲ့သည်။

အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း မိတ်ဆက် အခမ်းအနားတွင် လယ်ယာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးခန့်ဇော် ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း မိတ်ဆက် အခမ်းအနား ကျင်းပနေစဉ်။

၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်တွင် တစ်အိမ်သုံး ဆိုလာ စနစ်များကို ကျေးရွာ ၂၇၀၈ ရွာတွင် တပ်ဆင်ပေး ခဲ့ပြီး အိမ်ထောင်စုပေါင်း ၁၄၀၀၀၀ ခန့်၊ အသေးစား ဓာတ်အားစနစ်ဖြင့် ကျေးရွာ ၁၀ ရွာခန့်တို့တွင် လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ တစ်အိမ်သုံး ဆိုလာ စနစ်အတွက် ပြည်သူမှ ထည့်ဝင်ငွေ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းခန့်ဖြင့်လည်းကောင်း၊ အသေးစားဓာတ်အား စနစ် အတွက် ကျေးလက်ဦးစီးဌာနက စီမံကိန်း ကုန်ကျငွေ၏ ၆၀ ရာခိုင်နှုန်းခန့်၊ ပြည်သူမှ ထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်း ခန့်၊ ပုဂ္ဂလိက ကုမ္ပဏီမှ ထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်းခန့့်တို့ဖြင့်လည်းကောင်း၊ အများ ပြည်သူသုံး အဆောက်အအုံနှင့် လမ်းမီးတိုင်များအတွက် အခမဲ့ဖြင့် လည်းကောင်း တပ်ဆင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း၏ ရည်မှန်းချက်အရ ၂၀၂၀ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းခန့်၊ ၂၀၂၅ တွင် ၇၅ ရာခိုင်နှုန်းခန့်နှင့် ၂၀၃၀ တွင် ရာနှုန်းပြည့် မီးလင်းရေး ဆောင် ရွက်သွားမည်ဖြစ်ပြီး ဆောင်ရွက်ပေးရန် လိုအပ်သော ကျေးရွာပေါင်းမှာ ၂၀၁၄ စစ်တမ်းများအရ ၂၆၀၀၀ ရွာခန့်ရှိကြောင်း၊ ပထမ ငါးနှစ် စီမံကိန်း ဆောင်ရွက်ပြီးပါက ကျေးရွာ ၁၇၀၀၀ ခန့် ကျန်ရှိ မည် ဖြစ်ပြီး ၂၀၂၁ မှ ၂၀၃၀ အတွင်း တစ်နှစ်လျှင် ကျေးရွာ ၁၇၀၀ ရွာခန့် လျာထား ဆောင်ရွက် သွားဖို့ လိုအပ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.