Connect with us

Politics, Law & Military

၂၀၂၀ ပြည့်နှစ်အတွင်း ငွေကျပ် ၁၃၀၅ ဒသမ ၂၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးနိုင်ခဲ့ဟု တပ်မတော်ထုတ်ပြန်

တပ်မတော်က ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား တွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ရေးသားသူ /အိမွန်ကျော်

တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ်အတွင်း ငွေကျပ် ၁၃၀၅ ဒသမ ၂၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးနိုင်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီ ၂၁ ရက်တွင် ထုတ်ပြန်သောသတင်းအရ သိရသည်။

တပ်မတော်အနေဖြင့် တစ်မျိုးသားလုံးကို လူညွန့်တုံးစေနိုင်သည့် မူးယစ်ဆေးဝါး အန္တရာယ်ကို ဌာနဆိုင်ရာနှင့် လုံခြုံရေးအဖွဲ့အစည်းအသီးသီးတို့နှင့် ပူးပေါင်း၍ခေတ် အဆက်ဆက်ကပင် တားဆီးကာကွယ်တိုက်ဖျက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက် လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်အတွင်းတွင် ငွေကျပ် ၁၃၀၅ ဒသမ ၂၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိတိုက်ဖျက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်က ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား တွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

၂၀၂၀ ပြည့်နှစ်အတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ဒေသအတွင်း ဖမ်းဆီးရမိမှုအနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၁၆ ရက်အထိ စိတ်ကြွရူးသွပ်ဆေးဝါးမျိုးစုံ ဆေးပြားစုစုပေါင်း သိန်း ၁၄၀၀ ပြားကျော်၊ ဘိန်းဖြူ ၂၈၆ ကီလိုကျော်၊ အိုက်စ် ၄၄၀ ကီလိုကျော် အပါအဝင် မူးယစ် ဆေးဝါးများခန့်မှန်းတန်ဖိုး ငွေကျပ် ၃၁၄ ဘီလီယံကျော်နှင့် မူးယစ်ဆေးဝါးချက် လုပ်ရာတွင် အသုံးပြုသည့် မူးယစ်ဆေးဝါးရိုက်စက်များ၊ ဆေးပြားရိုက်တံများ အပါအဝင် ကာလတန်ဖိုး ၁ ဘီလီယံကျော် တန်ဖိုးရှိ ဆက်စပ်ပစ္စည်း ၂၄၉ မျိုးကို မူးယစ်ဆေးဝါး တိုက်ဖျက်မှု စစ်ဆင်ရေးပြုလုပ်၍ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်အတွင်း၌ ဘိန်းဖြူ ၉၃၀ ကီလိုကျော်၊ ဘိန်းစိမ်း ၂၄၀၀ ကီလိုကျော်၊ ဘိန်းမဲ ၃ ကီလိုကျော်၊ ဆေးခြောက် ၃၅၀ ကီလိုကျော်၊ စိတ်ကြွ ရူးသွပ်ဆေးပြား သိန်း ၂၅၀၀ ကျော်၊ အိုက်စ် ၁၁၀၀ ကီလိုကျော်၊ အခြားဆက်စပ်ပစ္စည်းများ ၄၇၀၀၀ ကီလိုကျော်၊ စုစုပေါင်း ငွေကျပ် ၈၇၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၁၄၀ ကျော်၊ အိုက်စ် ၁၆၀၀ ကီလိုကျော်၊ စုစုပေါင်း ငွေကျပ် ၁၄၄ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကိုလည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်း၌ စိတ်ကြွရူးသွပ်ဆေးပြား ၂၂ သိန်းကျော်၊ အိုက်စ် ၁၃၀၀ ကီလို ကျော်၊ စုစုပေါင်း ငွေကျပ် ၇၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း များကိုလည်းကောင်း အသီးသီးဖမ်းဆီးတိုက်ဖျက်နိုင်ခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဘိန်းဖြူ ၅၀၀ ကီလိုကျော်၊ ဘိန်းစိမ်း ၁၈၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၈ သိန်းကျော်၊ အိုက်စ် ၂၃၀၀ ကီလိုကျော်၊ အခြား ဆက်စပ်ပစ္စည်းများ ၂၂၀၀၀ ကီလိုကျော်၊ စုစုပေါင်း ငွေကျပ် ၂၁၀ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း အသီးသီးဖမ်းဆီးတိုက်ဖျက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ်အတွင်း မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ စုစုပေါင်း ဖမ်းဆီးရမိမှု အနေဖြင့် ဘိန်းဖြူ ၁၄၃၈ ကီလိုကျော်၊ ဘိန်းစိမ်း ၂၅၈၅ ကီလိုကျော်၊ ဘိန်းမဲ ၃ ကီလိုကျော်၊ ဆေးခြောက် ၃၅၃ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၂၉၀၀ ကျော်၊ အိုက်စ် ၁၆၈၉၁ ကီလို ကျော်၊ အခြားဆက်စပ်ပစ္စည်းများ ၆၉၈၁၂ ကီလိုကျော်၊ စုစုပေါင်း ငွေကျပ် ၁၃၀၅ ဒသမ ၂၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးတိုက်ဖျက်နိုင်ခဲ့ပြီး ဘိန်းခင်း ၉၄၅၆ ဧက ကျော်ကို ဖျက်ဆီးနိုင်ခဲ့ကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို စစ်ဆင်ရေးတစ်ရပ်သဖွယ် အလေးထား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တပ်မတော်အနေဖြင့် နိုင်ငံတော် လုံခြုံရေး၊ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင် လျက်ရှိသည့်အပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကိုလည်း ခေတ်အဆက်ဆက် မှစ၍ နှစ်စဉ်နှစ်တိုင်း စစ်ဆင်ရေးတစ်ရပ်သဖွယ် အလေးထားတိုက်ဖျက် ဆောင်ရွက်လျက် ရှိပြီး လက်ရှိအချိန်တွင်လည်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ပူးပေါင်းစစ်ဆေးရေး ဂိတ်များ ဖွင့်လှစ်ဆောင်ရွက်ခြင်းအပါအဝင် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် သတင်းရရှိသော နေရာများအား ဖော်ထုတ်ဖမ်းဆီးမှုများကိုဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

တပ်မတော်အနေဖြင့် နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများ မရှိစေရေးအတွက်လည်း အလေးထား တားဆီး ကာကွယ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်အတွင်း ၌ တရားမဝင် ဝင်ရောက်လာသူ စုစုပေါင်း ၇၁၅ ဦး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.