Connect with us

Politics, Law & Military

၂၀၂၀ပြည့်နှစ်တွင် ၁၁ ဘီလီယံကျော်တန်ဖိုးရှိ ကျွန်းသစ်နှင့်သစ်မျိုးစုံ တန်ချိန် ၉၉၀၀ ကျော်အားဖမ်းဆီးရမိ

ဖမ်းဆီးရမိသည့် သစ်ကားတစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ--တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၀ ပြည့်နှစ်အတွင်း ခန့်မှန်းငွေကျပ် ၁၁ ဘီလီယံ ကျော်တန်ဖိုးရှိ ကျွန်းသစ်များအပါအဝင် သစ်မျိုးစုံတန်ချိန် ၉၉၀၀ ကျော်၊ ယာဉ်၊ ယန္တရား ၁၈၂ စီးနှင့်ဆက်စပ်ပစ္စည်းများ၊ တရားမဝင်ငါးဖမ်းလှေနှင့် မှောင်ခိုလှေ စုစုပေါင်း ၇၄ စီးအား တပ်မတော်မှ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။

တရားမဝင်သစ်များ နေရာဒေသတစ်ခုတည်းတွင် တစ်ချိန်တည်း မြောက်မြားစွာ ဖမ်းဆီးရမိမှုအနေဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၇ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ အနောက်ဘက် ပင်လယ်ပြင်နှင့် ဆက်စပ်မြစ်ချောင်းများအတွင်းရှိ နေရာများမှ ရတနာတန်းဝင်ကျွန်းသစ် ၃၆၀ တန်အပါအဝင် ပိတောက်၊ ကညင်နှင့် အခြားသစ်များ စုစုပေါင်း ၃၆၂၉ ဒသမ ၄၅ တန်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇ ဒသမ ၈ ဘီလီယံခန့်) နှင့် အလျား ၂၀၀ ပေအထက်ရှိ သင်္ဘောကြီးတစ်စီးအပါအဝင် သင်္ဘော၊ စက်လှေ ၁၂ စီး၊ လူ ၆၁ ဦး တို့ကိုဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ၂၀၂၀ ပြည့်နှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ မြန်မာ့အဖိုးတန် သစ်သယံဇာတများ တရားမဝင်ထုတ်ယူမှုများ ဖမ်းဆီးရမိမှု အနေဖြင့် ကချင်ပြည်နယ်အတွင်း၌ ကျွန်းသစ်တန်ချိန် ၂၈၂ တန်ကျော်အပါအဝင် အခြား သစ်မျိုးစုံ စုစုပေါင်းတန်ချိန် ၁၅၀၀ ကျော်၊ ယာဉ်ယန္တရား ၄၈ စီးနှင့် ဆက်စပ်ပစ္စည်း များကိုလည်းကောင်း၊ ရှမ်းပြည်နယ်အတွင်း၌ ကျွန်းသစ်တန်ချိန် ၁၂၀၀ ကျော်အပါအဝင် အခြားသစ်မျိုးစုံ စုစုပေါင်း တန်ချိန်၂၁၀၀ ကျော်၊ ယာဉ်ယန္တရား ၈၄ စီးနှင့် ဆက်စပ်ပစ္စည်း များကိုလည်းကောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျွန်းသစ်တန်ချိန် ၁၂၀ ကျော်အပါအဝင် အခြားသစ်မျိုးစုံ စုစုပေါင်း တန်ချိန်၂၅၀၀ ကျော်၊ ယာဉ်ယန္တရား ၃၉ စီးနှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာသို့ လွှဲပြောင်း အပ်နှံပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်နှင့် ထိစပ်လျက်ရှိသည့် ရေပိုင်နက်အတွင်း၌ တရားမဝင် သယံဇာတထုတ်ယူလျက်ရှိသော တရားမဝင်ငါးဖမ်းလှေနှင့် မှောင်ခိုလှေ ၆ စီးနှင့် မှောင်ခိုလုပ်ကိုင်သူ ၃၀ ဦးကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ထိစပ်လျက်ရှိသည့် ရေပိုင်နက်အတွင်း၌ တရားမဝင်ငါးဖမ်းလှေနှင့် မှောင်ခိုလှေ ၆၈ စီးနှင့် မှောင်ခိုလုပ်ကိုင်သူ ၄၃၄ ဦးကိုလည်းကောင်း ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့ပြီး စုစုပေါင်း တရားမဝင်ငါးဖမ်းလှေနှင့် မှောင်ခိုလှေ ၇၄ စီး၊ မှောင်ခိုလုပ်ကိုင်သူ ၄၆၄ ဦးတို့ကို ဆက်စပ်ပစ္စည်းများနှင့်အတူ လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.