Connect with us

Politics, Law & Military

၂၀၂ဝပြည့်နှစ်အတွင်း မိုင်းနှင့် စစ်ကျန်လက်နက် ပစ္စည်းများ ပေါက်ကွဲမှု ၆၁ ကြိမ်ဖြစ်ပွားပြီး သေဆုံးသူ ၄၅ ဦးနှင့် ဒဏ်ရာရသူ ၈၉ ဦးရှိခဲ့

ရခိုင်ပြည်နယ် အတွင်း မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးစဉ် (MOI)

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) ရေးသားသူ /အိမွန်ကျော်

၂၀၂ဝပြည့်နှစ်အတွင်း မိုင်းနှင့် စစ်ကျန်လက်နက် ပစ္စည်းများ ပေါက်ကွဲမှု ၆၁ ကြိမ်ဖြစ်ပွားခဲ့ရာမှ သေဆုံးသူ ၄၅ ဦးနှင့် ဒဏ်ရာရရှိသူ ၈၉ ဦးရှိခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဇန်နဝါရီ ၁၈ ရက်က ပြောကြားသည်။

၂၀၁၉ ခုနှစ်အတွင်းကလည်း ရခိုင်ပြည်နယ်တွင် မိုင်းနှင့်စစ်ကျန် လက်နက်ပစ္စည်းများ ပေါက်ကွဲမှုဖြစ်စဉ် (၅၃)ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၁၉)ဦးနှင့် ဒဏ်ရာရရှိသူ (၃၉) ဦးရှိခဲ့ကြောင်း၊ ကလေးသူငယ် ထိခိုက်ခံစားရသူ အရေအတွက်မှာ ၂၀၁၉ ခုနှစ်တွင် (၁၇) ဦးနှင့် ၂၀၂၀ ပြည့်နှစ်တွင် (၆၄) ဦးအထိ မြင့်မားလာသည်ကို တွေ့ရကြောင်း ၎င်းကဆိုသည်။

မိုင်းထိဖြစ်စဉ် အရေအတွက်များအရ ၂၀၂၀ ပြည့်နှစ်တွင် မိုင်းဒဏ် သင့်ခံရမှု အများဆုံးမှာ ရခိုင်ပြည်နယ်ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ရခိုင် ပြည်နယ်တွင် မိုင်းအန္တရာယ် အသိပညာပေးရေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

မြေမြှုပ်မိုင်းများနှင့် စစ်ကျန်လက်နက် ပေါက်ကွဲစေသည့် ပစ္စည်းများ၏ အန္တရာယ်သည် ကြီးမားကြောင်း၊ ရပ်ရွာအတွင်း အန္တရာယ်ကင်းရှင်းစွာ သွားလာနေထိုင် လုပ်ကိုင်ရာတွင် သတိပြုရမည့် အပြုအမူများကို ပြည်သူလူထု၊ ဒေသခံများ၊ ရပ်ရွာအတွင်းရှိ ပြည်သူများ သိရှိထားရန် အလွန်အရေးကြီးကြောင်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသော ပညာရေး စီမံကိန်းတွင်လည်း မိုင်းအန္တရာယ် အသိပညာပေးရေး လုပ်ငန်းကို ထည့်သွင်းထားပြီးဖြစ်ကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာတွင် ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော်ရန် ရေးဆွဲထားသည့် လုပ်ငန်းစီမံချက်တွင်လည်း မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းကို ထည့်သွင်း ရေးဆွဲထားပြီး အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖြည့်စွက် ပြောကြားခဲ့သည်။

၂၀၂၀-၂၀၂၁ ခုနှစ် မဟာဗျူဟာလုပ်ငန်းစီမံချက်တွင် နယ်ပယ်(၆)ခု ပါဝင်ကြောင်း၊အဆိုပါ လုပ်ငန်းနယ်ပယ်များတွင် ဝန်ကြီးဌာန အချင်းချင်း၊ အဖွဲ့အစည်း အချင်းချင်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ခြင်း၊ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ နေရာများတွင် မိုင်းအန္တရာယ် အသိပညာပေးခြင်းနှင့် မိုင်းအန္တရာယ်ဖြစ်ပွားနိုင်ခြေ နည်းပါးအောင် ဆောင်ရွက်ခြင်း၊ မြေပြင်တွင် ကြုံတွေ့ရမည့် ပကတိအခြေအနေကို စစ်ဆေးခြင်း၊ မိုင်းအန္တရာယ်ကြုံတွေ့ရသူများကို ကူညီပေးခြင်း၊ စီမံခန့်ခွဲမှု လုပ်ငန်းများတွင် လိုအပ်သော သတင်းအချက်အလက် အမှန်များရရှိနိုင်ရန် ချိတ်ဆက် ဆောင်ရွက်ခြင်း၊ ပြည်သူများ စိတ်ချလုံခြုံစွာ သွားလာနေထိုင် လုပ်ကိုင်နိုင်ရန် မိုင်းအန္တရာယ် ကင်းရှင်းသည့် နယ်မြေ သတ်မှတ်ခြင်းနှင့် လုံခြုံရေးဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ပြည်သူများပါဝင်သည့်အဖွဲ့များ ဖွဲ့စည်းပြီး စည်းရုံးဆောင်ရွက်ခြင်း စသည့် လုပ်ငန်းစဉ်များဖြစ်ကြောင်း သိရသည်။(Xinhua)