Connect with us

Politics, Law & Military

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက်  မဲစာရင်း လာရောက်ကြည့်ရှုသူ ၆ သန်း ၆သိန်းကျော်ရှိ

ရန်ကုန်မြို့၌ မဲစာရင်းကပ်ထားကြေညာမှုကို လာရောက်ကြည့်ရှုသူများအား တွေ့ရစဉ်(ဆင်ဟွာ)

 

ရန်ကုန် ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ ရက်မှ စတင် ကပ်ထားကြေညာခဲ့ရာ လက်ရှိအချိန်ထိ မဲစာရင်း လာရောက်ကြည့်ရှုသူ ၆ သန်း ၆ သိန်းကျော်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်၏ ပြောကြားချက်အရ သိရသည်။ 

 ယခု မဲစာရင်းကပ်သည့်အခါတွင် မဲပေးခွင့်ရှိသူစာရင်း ၃၇ သန်း ၅ သိန်းကျော် ရရှိကြောင်း၊ မဲစာရင်းလာရောက်ကြည့်ရှုသူမှာ ၆ သန်း ၆သိန်းကျော် ရှိကြောင်း၊ လာရောက်ကြည့်ရှုပြီးနောက် ပုံစံ(၃)ဖြင့်တောင်းဆိုသည့် ဦးရေ ၂ သိန်း ၁ သောင်းကျော် ရှိကြောင်း၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူဦးရေ ၆ သောင်း ၆ ထောင်ကျော် ရှိကြောင်း၊ အချက်အလက်မှားယွင်းသည့်အတွက် ပုံစံ(၄)(ဂ)ဖြင့် တင်ပြ လာသူ ဦးရေ ၁ သိန်း ၅ သောင်း ကျော်ရှိကြောင်း ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ဩဂုတ် ၅ ရက်တွင် ပြုလုပ်သည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ စီမံဆောင်ရွက်နေသူများနှင့် အပြန်အလှန်ဆွေးနွေးစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

ယခုတောင်းဆိုထားသည်များကို သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အမြန်ဆုံး ဖြည့်သွင်းသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဖြည့်သွင်းပြီးနောက် လွှတ်တော်ကိုယ်စား လှယ်လောင်းများထံ ၎င်းတို့၏ မဲဆန္ဒရှင်များထဲမှ မည်သူများကျန်ရှိနေသည်ကို သိရှိရန် ပြုပြင်ပြီး မဲစာရင်းများကို ပေးပို့ရန် အစီအစဉ်ရှိကြောင်း ၊ မဲဆန္ဒရှင်များ မဲပေးသည့်အခါ ကျန်းမာရေးအရ လုံလုံခြုံခြုံဖြင့် မဲပေးနိုင်ရေးသည် အဓိကစဉ်းစားရမည့် ကိစ္စဖြစ်ကြောင်း၊ မဲဆန္ဒရှင်များ၏ ကျန်းမာရေးအတွက်ပါ စဉ်းစားပြီး စီစဉ်ရမည့်ရွေးကောက်ပွဲဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားခဲ့သည်။ 

ယခုမဲစာရင်းထုတ်ပြန်မှုသည် ပထမအကြိမ်ဖြစ်ပြီး လိုအပ်ချက်များကို ပြင်ဆင်မှုပြုလုပ်၍ အောက်တိုဘာလတွင် မဲစာရင်း ထပ်မံ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့သည်။ မဲစာရင်းတွင် မိမိအမည်ပါရှိမှသာ မဲပေးခွင့်ရရှိနိုင်မည်ဖြစ်ပြီး ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရန်အတွက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင်  အနည်းဆုံးတစ်ဦး (မပျက်မကွက်) လာရောက် ကြည့်ရှု စစ်ဆေးခြင်းဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ မေတ္တာရပ်ခံထားကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.