Connect with us

Politics, Law & Military

၂၀၂၀ – ၂၁ ဘဏ္ဍာနှစ်တွင် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းအရ လိုငွေ ကျပ် ဘီလီယံ ၆,၈၀၀ ရှိမည် ဟုဆို 

ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမအတွင်းသို့ လွှတ်တော် နာယက ရောက်ရှိစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၅ ရက်(ဆင်ဟွာ)

၂၀၂၀ – ၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေကြမ်းအပေါ် လေ့လာတွေ့ရှိချက်နှင့် ဘဏ္ဍာရေး ကော်မရှင်၏ ထောက်ခံ တင်ပြချက်အရ လိုငွေမှာ ကျပ် ဘီလီယံ ၆,၈၀၀ ရှိမည်ဟု ပြည်ထောင်စု လွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ အဖွဲ့ဝင် ဦးအောင်မင်းက ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးသို့ ရှင်းလင်း တင်ပြရာတွင် ပြောကြားခဲ့သည်။

“ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ တင်ပြချက်အရ ရငွေပေါင်းက ကျပ်ဘီလီယံ ၃,၁၆၇၁၊ သုံးငွေက ကျပ် ၃၈,၄၇၁ ဘီလီယံ ဖြစ်တဲ့အတွက် လိုငွေ ကျပ် ၆,၈၀၀ ဘီလီယံ ဖြစ်ပြီးတော့ လိုငွေနဲ့ GDP အချိုးဟာ ၅ ဒသမ ၄၁ ရာခိုင်နှုန်း ရှိတာကို တွေ့ရှိရပါတယ်” ဟု ပြောကြားခဲ့သည်။

ရငွေများသည် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများမှ ကျပ် ဘီလီယံ ၂၇,၈၅၂၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကျပ် ဘီလီယံ ၃,၈၁၉ တို့ဖြစ်ကြပြီး သုံးငွေများသည် ပြည်ထောင်စု အဆင့် အဖွဲ့ အစည်း များမှ ကျပ် ဘီလီယံ ၃,၄၆၅၂ နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ ကျပ် ဘီလီယံ ၃၈,၁၉ တို့ဖြစ်ကြောင်း သိရသည်။

၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ပြည်ပ အကူအညီရငွေနှင့် ပြည်ပ ချေးယူရငွေများ ခွဲဝေသုံးစွဲရန် လျာထားချက်နှင့် ပတ်သက်ပြီး ၎င်းက “ ပြည်ပ အကူအညီရငွေကို ကျပ် ဘီလီယံ ၁,၁၂၂ လျာထား ပြီးတော့ ပြည်ပချေးငွေ ရယူ သုံးစွဲမှုကို ကျပ် ၄,၀၃၃ ဘီလီယံ ထုတ်ယူ သုံးစွဲဖို့ လျာထား ပါတယ်” ဟု ပြောကြားခဲ့သည်။

COVID-19 ကပ်ရောဂါကြောင့် မြန်မာ့ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ လုပ်ငန်းမှ ရရှိသည့် အခွန် အကောက်နှင့် နိုင်ငံတော် ထည့်ဝင်ငွေများလည်း လျော့ကျခဲ့ရာ ၂၀၁၉ -၂၀တွင် ပြုပြင်ပြီး ခန့်မှန်းခြေ ကျပ် ဘီလီယံ ၂,၉၂၈ ရှိခဲ့ပြီး ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် မူလ ခန့်မှန်းခြေမှ ၄၃ ရာခိုင်နှုန်း ကျဆင်း သွားသဖြင့် ကျပ် ဘီလီယံ ၁,၆၇၇ သာ ရှိတော့ကြောင်း ၎င်းက ရှင်းလင်းတင်ပြခဲ့သည်။ 

အဆိုပါ လုပ်ငန်းမှ ရငွေသည် ၂၀၁၉ – ၂၀ ပြည်ထောင်စု ရငွေပေါင်း၏ ၁၁ ရာခိုင်နှုန်းရှိခဲ့ရာ ၂၀၂၀ -၂၁ ဘဏ္ဍာနှစ်တွင် ၆ ရာခိုင်နှုန်းသာရရှိမည်ဟု ခန့်မှန်းထားသည်ကို တွေ့ရှိရကြောင်း၊ COVID-19 ၏ မြန်မာနိုင်ငံအပေါ် သက်ရောက်မှုနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း(GDP Growth Rate) ကို နိုင်ငံတကာ အဖွဲ့အစည်းများက သုံးသပ်ခဲ့ရာ ကမ္ဘာ့ဘဏ်နှင့် IMF တို့က မြန်မာ နိုင်ငံသည် ၂၀၂၀-၂၁ တွင် ၇ ဒသမ ၂ ရာခိုင်နှုန်းဖွံ့ဖြိုးတိုးတက်နိုင်သည်ဟု ခန့်မှန်းထားသည်ကို တွေ့ရကြောင်းလည်း ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။ 

၂၀၂၀-၂၁ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ အသုံး ဆိုင်ရာ ဥပဒေကြမ်း၏ ထူးခြားချက်များအား ၎င်းက သုံးသပ် တင်ပြခဲ့ရာတွင် “သာမန်အားဖြင့် အရေးပေါ်ရန်ပုံငွေကို ကျပ် ၁၀၀ ဘီလီယံ လျာထား ခဲ့ရာက ၂၀၂၀-၂၁ မှာတော့ ကျပ် ဘီလီယံ ၁၅၀ အထိ တိုးမြှင့် လျာထားပြီး စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှု ဝန်ကြီးဌာနက ကျပ် ဘီလီယံ ၁၀၀ ထိန်းသိမ်းထားမယ်၊ ပြည်ထောင်စု အဆင့် ဗဟို အဖွဲ့အစည်းများနဲ့ ပြည်ထောင်စု ဝန်ကြီးဌာနတွေက ကျပ် ၃၆ ဘီလီယံနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရ တွေက ကျပ် ၁၄ ဘီလီယံ  ခွဲဝေလျာထားတာ တွေ့ရပါတယ်” ဟုရှင်းလင်း တင်ပြ ခဲ့သည်။

ထို့အပြင် ဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ ခိုင်မာသည့် အာမခံချက် ဖြစ်သော ဝန်ထမ်း နောင်ရေး ဗဟို ရန်ပုံငွေနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ရန်ပုံငွေ များသို့ နိုင်ငံတော်က မတည်ပေးခြင်းများမှာလည်း ထူးခြားချက် ဖြစ်ကြောင်း၊ COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးနှင့် စီးပွားရေး သက်ရောက်မှုများကို ကုစားနိုင်ရေးအတွက် ကျပ် ၁၀၀ ဘီလီယံမှ ကျပ် ၂၀၀ ဘီလီယံသို့ တိုးမြှင့် ထားရှိခြင်းများမှာလည်း ထူးခြားချက်များ ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ အဖွဲ့ဝင် ဦးအောင်မင်းက ရှင်းလင်း တင်ပြခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117