Connect with us

Politics, Law & Military

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန် ယုံကြည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆို

နေပြည်တော်ရှိနိုင်ငံတော်သမ္မတအိမ်တော်အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့်ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့အခြေအနေများကို အပြန်အလှန်ဆွေးနွေးနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အားတွေ့ရစဉ်(ဓာတ်ပုံ- အတိုင်ပင်ခံရုံး)

ရန်ကုန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့်အထွေထေွရွေးကောက်ပွဲ အတွက်မဲစာရင်းတွင် ပါ ၊ မပါနှင့်မဲစာရင်းမှား၊ မမှားလာရောက်ကြည့်ရှုစစ်ဆေးသူများ အလွန်များသည်ဆိုသည့်အချက်သည် ကောင်းမွန်သည့် လက္ခဏာဖြစ်ပြီး ယင်းအချက်သည် ရွေးကောက်ပွဲပေါ်တွင် ပြည်သူများစိတ်ဝင်စားမှုရှိခြင်း၊ ရွေးကောက်ပွဲ၏ အရေးပါမှုကိုအသိအမှတ်ပြုနားလည်ခြင်းကိုပြသမှုဖြစ်ကြောင့်ရွေးကောက်ပွဲကိုအောင်အောင်မြင်မြင်ဖြင့်ကျင်းပနိုင်မည်ဟုယုံကြည်ကြောင်းနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။

Coronavirus Disease 2019(COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးထက်အောင်တို့နှင့် သြဂုတ် ၅ ရက်နံနက်၁ဝနာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့်ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့အခြေအနေများကို အပြန်အလှန်ဆွေးနွေးပွဲ၌ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေခြင်းသည် နိုင်ငံရေးအရတင်မဟုတ်ဘဲနိုင်ငံ၏ အရေးအရကိုအလွန်အရေးကြီးကြောင်း၊ ပြည်သူ ပြည်သားများ၏ အခွင့်အရေးနှင့်တာဝန်အရ၊ နိုင်ငံ၏သိက္ခာအရရွေးကောက်ပွဲကို အောင်အောင်မြင်မြင်၊ ကျန်းမာရေးအရလုံလုံခြုံခြုံဖြင့်ကျင်းပနိုင်သည်ကို ပြသလိုကြောင်း၊ မိမိတို့နိုင်ငံသူနိုင်ငံသားများ၏ အရည်အချင်းသည်ငွေရေးကြေးရေးပေါ်တွင်သာ အခြေခံခြင်းမဟုတ်ဘဲ တာဝန်သိမှု၊စည်းကမ်းထိန်းသိမ်းမှု၊ နိုင်ငံအပေါ်သစ္စာစောင့်သိမှုအပေါ်တွင် သာအခြေခံပြီးအောင်မြင်အောင်လုပ်ဆောင်သွားသည်ကို ပြသလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။

နိုင်ငံသူနိုင်ငံသားများ ဆန္ဒမဲသွားရောက်ပေးသည့်အခါတွင် လုံလုံခြုံခြုံရှိရန် COVID-19 ရောဂါအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီအောင်ဆောင်ရွက်ထားခြင်းသည် ဒုတိယအဆင့်ဖြစ်ကြောင်း၊ ပထမအဆင့်သည် မဲသွားရောက်ပေးရန်အတွက် မဲစာရင်းမှန်ကန်ရန်လိုအပ်ကြောင်း၎င်းကပြောသည်။

လူတစ်ယောက်၏ ဘဝတွင်အသက် ၁၈ နှစ် ကစပြီးမဲပေးမည်ဆိုလျှင် ရွေးကောက်ပွဲကို ၅ နှစ် တစ်ကြိမ်ကျင်းပသည့်အတွက် အသက် ၈၀ အထိ နေနိုင်မည်ဆိုပါက ၁၂ ကြိမ်သာ မဲပေးပိုင်ခွင့်ရှိကြောင်း၊ ထို့ကြောင့် အသက် ၈၀ အတွင်းတွင် မိမိနိုင်ငံ၏ အနာဂတ်အတွက်၊ မိမိနိုင်ငံ၏တိုးတက်မှုအတွက် ရွေးကောက်ပွဲအရ လူတစ်ယောက်လုပ်ပိုင်ခွင့်သည် တစ်သက်တွင် ၁၂ ကြိမ် သာရှိကြောင်း၊ ယင်း ၁၂ ရက် ကို အကောင်းဆုံးဖြစ်အောင် အသုံးချစေလိုကြောင်း၊ အကောင်းဆုံးအသုံးချနိုင်ရန်အတွက်လည်း နိုင်ငံတော်အစိုးရအနေဖြင့်ကူညီရန် တာဝန်ရှိကြောင်းဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။   (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.