Politics, Law & Military
ထိန်းချုပ်ခန်းမှတစ်မြို့နယ်လုံးရှိမီတာများကိုအချိန်တိုအတွင်းဖတ်နိုင်သည့် AMI စနစ်အတွက်တင်ဒါခေါ်ယူဆောင်ရွက်မည်ဟုဆို
နေပြည်တော်၊ဇူလိုင်၂၈ရက်(ဆင်ဟွာ)
လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုကိုလျော့ကျစေသည့်အပြင်မီတာဖတ်ရှုရာ၌လူကြောင့်ဖြစ်ပေါ်စေသောအမှားများပပျောက်စေရန် AMI (Advanced Metering Infrastructure) စနစ်ကိုအသုံးပြုနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊လျှပ်စစ်ဌာန၏ထိန်းချုပ်ခန်းမှတစ်မြို့နယ်လုံးရှိမီတာအားလုံးကိုအချိန်တိုအတွင်းမီတာဖတ်ရှုနိုင်သည့်အဆိုပါ AMI စနစ်ကိုတပ်ဆင်နိုင်ရန်အတွက်မကြာခင်တင်ဒါခေါ်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဒုတိယဝန်ကြီးဦးခင်မောင်ဝင်းကပြည်သူ့လွှတ်တော်ယနေ့အစည်းအဝေးတွင်ပြောကြားခဲ့သည်။
“လိုအပ်တဲ့တင်ဒါခေါ်ယူနိုင်ဖို့ကိုစံချိန်စံညွှန်း (specification) တွေရေးဆွဲဖို့နိုင်ငံတကာအဖွဲ့အစည်းနဲ့သဘောတူညီမှုတွေရထားပြီးပါပြီ၊အဲဒီ specification တွေရေးဆွဲပြီးပြီဆိုတာနဲ့မကြာခင်မှာလိုအပ်တဲ့မြို့နယ်တွေသတ်မှတ်ပြီးတင်ဒါခေါ်ယူဆောင်ရွက်သွားပါမယ်”ဟုလည်း၎င်းကပြောခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ကျောက်တံတားမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးနေမျိုးထက်၏အမေးကိုပြန်လည်ဖြေကြားရာတွင်၎င်းကပြောကြားခဲ့ခြင်းဖြစ်ပြီးတစ်လအတွင်းသုံးစွဲသည့်လျှပ်စစ်မီးသုံးစွဲယူနစ်များဖတ်ယူခြင်းကိုပုံစံသုံးမျိုးဖြင့်ကောက်ယူလျက်ရှိရာလူကိုယ်တိုင်မီတာတစ်လုံးစီဖတ်ခြင်း၊အဝေးဖတ်ကိရိယာ (HHU:_ Hand Held Unit)ဖြင့်အလိုအလျောက်ဖတ်ခြင်း၊ဌာန၏ထိန်းချုပ်ခန်းရှိကွန်ပျူတာစနစ်အသုံးပြု၍တစ်မြို့နယ်လုံးရှိမီတာများကိုအချိန်တိုအတွင်းဖတ်ရှုခြင်းနည်းတို့ဖြစ်ကြောင်း၊လူကိုယ်တိုင်ဖတ်မီတာများအတွက်မီတာစာရေးတစ်ဦးလျှင်မီတာအလုံး၈၀၀ဖတ်ရှုရန်တာဝန်ပေးထားကြောင်း၊ကိုယ်တိုင်ဖတ်ရှုပြီးမီးသုံးစွဲပြည်သူကိုအသိပေးပြသရန်မှာကြားထားပြီးပြည်သူကမေးမြန်းလာပါကချက်ချင်းရှင်းလင်းဖြေကြားရန်ညွှန်ကြားထားကြောင်း၊ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတွင်မီးသုံးစွဲသူ၁,၄၄၆,၀၁၅ဦးရှိပြီးမီတာစာရေးအမြဲတမ်းဝန်ထမ်း၃၄၂ဦးနှင့်နေ့စားမီတာစာရေး၆၇၁ဦး၊စုစုပေါင်း၁,၀၁၃ဦး၊လယ်ဂျာစာရေး၈၃၇ဦးတို့ဖြင့်လုပ်ငန်းလည်ပတ်နေကြောင်း၊အဝေးဖတ် (HHU) ဖြင့်ဖတ်ရှုမှတ်တမ်းတင်၍ရသော smart မီတာများပိုမိုကျယ်ပြန့်စွာဝယ်ယူတပ်ဆင်နိုင်ရေး meter specification ရေးဆွဲလျက်ရှိကြောင်း၊ smart မီတာများပြီးပြည့်စုံစွာမတပ်ဆင်နိုင်မီမီတာစာရေးနှင့်လယ်ဂျာစာရေးများကိုလုပ်ငန်းလိုအပ်ချက်ရှိလာပါကတိုးမြင့်ခန့်အပ်လျက်ရှိကြောင်း၊ AMI စနစ်သည်မိမိသုံးစွဲသောလျှပ်စစ်မီးသုံးစွဲမှုကိုလက်ကိုင်ဖုန်းဖြင့်ကြည့်ရှုစစ်ဆေးနိုင်ပြီးတစ်မြို့နယ်လုံးရှိမီတာအားလုံးကိုအချိန်တိုအတွင်းဖတ်ရှုနိုင်သဖြင့်ထို AMI စနစ်ကိုပန်းပဲတန်း၊ဒေါပုံနှင့်တောင်ဥက္ကလာပမြို့နယ်များတွင်စမ်းသပ်အသုံးပြုနေပြီးဖြစ်ကြောင်း၊တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်အဆင့်ဆင့် phase by phase ခွဲ၍တပ်ဆင်အသုံးပြုနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းဒုတိယဝန်ကြီးကရှင်းလင်းဖြေကြားခဲ့သည်။ (Xinhua)