Connect with us

Politics, Law & Military

ပဲခူး-ကျိုက်ထို အမြန်လမ်း စီမံကိန်းအတွက် (ADB) ဘဏ်မှ အမေရိကန်ဒေါ်လာ ၄၈၃ ဒသမ ၈ သန်း ချေးယူရန် လွှတ်တော် အတည်ပြု

ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမအတွင်းသို့ လွှတ်တော် နာယက ရောက်ရှိစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော်သို့ နိုင်ငံတော် သမ္မတထံမှ ပေးပို့ထားသော ပဲခူး-ကျိုက်ထို အမြန်လမ်းမ ကြီး စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB:_ Asia Development Bank) ထံမှ အမေရိကန်ဒေါ်လာ ၄၈၃ ဒသမ ၈ သန်း ချေးယူရေးကို ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးက အတည်ပြုခဲ့သည်။

အဆိုပါ ချေးငွေကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ကိုးဦးတို့က ယခင် သီတင်းပတ် အစည်းအဝေး၌ ဆွေးနွေးခဲ့ကြရာ ကိုယ်စားလှယ် ခြောက်ဦးတို့က ထောက်ခံ ဆွေးနွေး ခြင်း၊ သုံးဦးတို့က အကြံပြု ဆွေးနွေးခြင်းများ ရှိခဲ့ကြသည်။ ထို ဆွေးနွေးချက်များအား ဆောက်လုပ် ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ကျော်လင်းက ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်း အဝေးတွင် ပြန်လည် ရှင်းလင်း တင်ပြပြီး နောက်တွင် လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ဒုတိယ ဝန်ကြီး ဒေါက်တာ ကျော်လင်းက “ဒီလမ်းမကြီးနဲ့ ဆက်စပ်ပြီး ရန်ကုန်မြို့ အရှေ့ဘက်ခြမ်း သန်လျင် – သုံးခွ – ခရမ်း – သနပ္ပင် – ပဲခူး – ကျိုက်ထို စီးပွားရေးစင်္ကြံလမ်းမကြီး အသစ် ဖြစ်ထွန်း လာမှာ ဖြစ်ပြီး လက်ရှိ ဖွံ့ဖြိုး တိုးတက်နေတဲ့ ရန်ကုန် – ထောက်ကြန့် – လှည်းကူး – အင်းတကော် – ပဲခူး – စင်္ကြံ လမ်းပိုင်းနဲ့ ဟန်ချက်ညီစွာ ဖွံ့ဖြိုး တိုးတက်လာမှာ ဖြစ်ပါတယ်” ဟု ရှင်းလင်း တင်ပြခဲ့ သည်။

၎င်းက ရန်ကုန် – ထောက်ကြန့် – လှည်းကူး – အင်းတကော် – ပဲခူး – စင်္ကြံလမ်း တစ်လျှောက် လမ်းဘေး ဝဲယာ တစ်စတုရန်းမိုင်တွင် လူဦးရေ ၃၁,၀၀၀ ခန့်အထိ ရှိနေပြီး ဈေးဆိုင်များ၊ လူနေ အိမ်များ၊ စက်မှုလုပ်ငန်းများ၊ ကုန်လှောင်ရုံများဖြင့် တိုးတက်လျက်ရှိကြောင်း၊ အဆိုပါ လမ်းပိုင်း၏ အကျိုးကျေးဇူးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၏ GDP သည် မြန်မာနိုင်ငံ GDP ၏ ၂၃ ရာခိုင်နှုန်း အထိ ပါဝင်နေသည်ကို တွေ့ရှိရကြောင်း၊ ရန်ကုန်မြို့၏ အနောက်ဘက် အဆိုပါ စင်္ကြံ လမ်းတစ်လျှောက် ဆက်စပ်နေထိုင်ကြသူများ၏ လူမှု စီးပွားဘဝများမှာလည်း တိုးတက် ဖွံ့ဖြိုး လျက်ရှိသည်ကို တွေ့ရကြောင်း၊ အခြား တစ်ဘက် ဖြစ်သည့် သန်လျင် (သီလဝါ) – သုံးခွ – ခရမ်း – သနပ္ပင် – ပဲခူး စင်္ကြံလမ်းတစ်လျှောက်၏ စီးပွား ဖွံ့ဖြိုးမှု အခြေအနေသည် ရန်ကုန် အနောက်ဘက်ခြမ်း စီးပွားရေး စင်္ကြံလမ်းနှင့် နှိုင်းယှဉ်ပါက များစွာ နောက်ကျကျန်နေသည်ကို တွေ့ရကြောင်း၊ အဆိုပြု စီမံကိန်း ဖြစ်သည့် သန်လျင် – သုံးခွ – ခရမ်း – သနပ္ပင် – ပဲခူး – ကျိုက်ထို စီးပွားရေး စင်္ကြံလမ်းမ အသစ်ကြီး တည်ဆောက်ပြီးစီးသွားပါက  နိုင်ငံအတွင်းဆက်စပ်သွားလာမှုသာမက မြန်မာနိုင်ငံနှင့် ဒုတိယ အများ ဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်သော၊ ကုန်သွယ်မှု ပမာဏ ပျမ်းမျှ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံ ရှိသော ထိုင်းနိုင်ငံ၊ ၎င်းမှတစ်ဆင့် မဟာမဲခေါင် ဒေသခွဲ နိုင်ငံများ ဖြစ်ကြသည့် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံများကပါ မြန်မာနိုင်ငံအတွင်းသို့ ဖြတ်သန်းပြီး ရန်ကုန်မြို့ သီလဝါ စက်မှု ဆိပ်ကမ်း၏ ပင်လယ် ထွက်ပေါက်မှ တစ်ဆင့် အာဖရိကနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများသို့ အလွယ်တကူ ကုန်စည် စီးဆင်းစေမည် ဖြစ်ကြောင်း၊ နိုင်ငံဖြတ်ကျော် ကုန်သွယ်မှုများ၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများကြောင့် လမ်းဖြတ်သန်း အသုံးပြုခများ၊ အခြား အခွန်အခများ ရရှိလာမည် ဖြစ်ကြောင်း၊ အဆိုပါ စီးပွားရေး စင်္ကြံလမ်းတစ်လျှောက် နေထိုင်သူများ သာမက မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ များစွာ ပေါ်ပေါက်လာနိုင်ကြောင်း လည်း ဖြည့်စွက် တင်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.