Politics, Law & Military
ပြင်ဦးလွင် တပ်မတော်နည်းပညာ တက္ကသိုလ်(DSTA)အပါအဝင် ပူးပေါင်း စစ်ဆေးရေးဂိတ်များ တိုက်ခိုက်ခံရ
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြင်ဦးလွင် တပ်မတော်နည်းပညာ တက္ကသိုလ်(DSTA)အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်များ ယနေ့ (သြဂုတ် ၁၅ ရက်) နံနက်အစောပိုင်းမှစတင်ပြီး တိုက်ခိုက်ခံခဲ့ရကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး၏ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ဆင်ဟွာသို့ အတည်ပြုပြောကြားသည်။
ပြင်ဦးလွင် တပ်မတော်နည်းပညာ တက္ကသိုလ်(DSTA)အတွင်းသို့ လက်နက်ကြီး(၆)လုံးခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နောင်ချို စစ်ဆေးရေးဂိတ်နှင့် ဂုတ်တွင်းရဲစခန်း တိုက်ခိုက်ခံခဲ့ရကြောင်း ၎င်းကဆိုသည်။
“ခုလက်ရှိ ဂုတ်တွင်းနားမှာ တိုက်ပွဲဆက်ဖြစ်နေတုံး၊ တပ်မတော်ကျောင်းထဲမှာတော့ သေဆုံးတာမရှိဘူး၊ စစ်ဆေးရေးဂိတ်က အရပ်သားတစ်ဦးတော့သူ အိပ်တဲ့နေရာနား လက်နက်ကျလို့ သေဆုံးသွားတယ်”ဟု ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော အရပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နောင်ချို စစ်ဆေးရေးဂိတ်တွင် တာဝန်ကျ ရဲအရာရှိတစ်ဦးက ဆိုသည်။
ပြင်ဦးလွင်မြို့အထွက် နောင်ချို မူးယစ်စစ်ဆေးရေးဂိတ်ကို မီးရှို့ခဲ့ပြီး ယင်းစစ်ဆေးရေးဂိတ်ရှိ X Ray စက်ကိုလည်း ပစ်ခတ်ခဲ့ကြောင်း၊ ဂုတ်တွင်း အနီးတွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေသဖြင့် ကားများ လမ်း၌ ပိတ်မိနေကြောင်း ၎င်းက ပြောသည်။(Xinhua)