Connect with us

Politics, Law & Military

ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲပေးထားချိန်တွင် ထာဝရငြိမ်းချမ်းရေးအတွက် အချိန်မဆိုင်းဘဲ ထိထိရောက်ရောက်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရန်အသိပေးချက်ကာချုပ်ရုံးထုတ်ပြန်

၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကျင်းပစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲပေးထားချိန်တွင် ထာဝရငြိမ်းချမ်းရေးအတွက် အချိန်မဆိုင်းဘဲ ထိထိရောက်ရောက်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ကြရေး အသိပေးချက် အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

တိုင်းရင်းသားပြည်သူလူထုအားလုံး၏ လိုအင်ဆန္ဒဖြစ်သည့် ဒီမိုကရေစီလမ်းစဉ်အား မှန်ကန်ခိုင်မာစွာ လျှောက်လှမ်းနိုင်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ရည်ရွယ်၍ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား မည်သည့်ဖိအားမျှမရှိစေဘဲလွတ်လပ်စွာ ငြိမ်းချမ်းရေးဆွေးနွေးမှု များ ဆောင်ရွက်နိုင်ရန် စိတ်ရင်းစေတနာအမှန်ဖြင့် တပ်မတော်က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိလည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိလည်းကောင်း၊ ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိလည်းကောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေ တို့တွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအား ရပ်ဆိုင်းပေးခဲ့ကြောင်းသိရသည်။

ထိုသို့ စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းပေးထားသည့် ကာလများအတွင်း တွေ့ဆုံ ဆွေးနွေး ညှိနှိုင်း အဖြေရှာခြင်းအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်သက်တမ်းတိုးမြှင့်ထားသည့်ဖြစ်ထွန်းစေရေး ဆောင်ရွက်မှု များတွင် ထိရောက်မှုအားနည်းလျက်ရှိပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကာလမှာလည်း မကြာမီကုန်ဆုံးတော့မည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်ကခွင့်ပြုထားသော ပစ်ခတ် တိုက်ခိုက်မှုရပ်စဲထားသည့် ကာလအတွင်း နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူလူထု၏ အကျိုးစီးပွား ကိုရည်မျှော်၍ အချိန်ဆွဲခြင်းမပြုဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ တပ်မတော်မှဖွဲ့စည်းပေးထားသည့် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တို့နှင့် ယုံကြည်မှုအပြည့်အဝဖြင့် ထိရောက်စွာဆွေးနွေညှိနှိုင်း ဆောင်ရွက်နိုင်ရေး အသိပေးအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)