Politics, Law & Military
JMC-U၏ (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတင်ကျင်းပ
ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ယနေ့ ဇန်နဝါရီ ၁၇ ရက်နေ့ နံနက်၌ ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
JMC အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာရေး၊ ဒေသဖွံ့ဖြိုးရေး စသည့် ရည်မှန်းချက်များဖြင့် ဆောင်ရွက်နေကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် JMC က ချမှတ်ထားသည့် သဘောတူညီချက်များ၊ ကတိကဝတ်များသည် အသက်သွေးကြောဖြစ်ကြောင်း၊ နှစ်ဘက်သဘောတူ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း၊ လုပ်ငန်းလမ်းညွှန်များအတိုင်း ညှိနှိုင်းဆောင်ရွက်သွားကြရန်နှင့် JMC ၏ လုပ်ငန်းဆောင်ရွက်မှုများသည့် ကောင်းမွန်သည့် စံနမူနာပြ ဖြစ်မှသာ ငြိမ်းချမ်းရေးအတွက် အမှန်တကယ် အထောက်အကူပြုမည်ဖြစ်ကြောင်း JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားသည်။
JMC-U၏ (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ- ဆင်ဟွာ)
JMC-U၏ (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ- ဆင်ဟွာ)
JMC-U၏ (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ- ဆင်ဟွာ)
JMC-U၏ (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ- ဆင်ဟွာ)
JMC-U၏ (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ- ဆင်ဟွာ)
ပဋိပက္ခဖြေရှင်းရာတွင် အဓိကကျသည့် ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-L များတွင် လုပ်ငန်းများ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် JMC-L များ တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။
NCA သက်တမ်းသည်လည်း ၂ နှစ်ကျော်လာပြီဖြစ်၍ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တန်းတူညီမျှမှု၊ အပြန်အလှန် လေးစားမှု ရှိရန် လိုအပ်ကြောင်း၊ ပြည်သူလူထု၏ မျှော်လင့်ချက်များ မပျက်စီးအောင် ထိန်းသိမ်းရန် လက်နက်ကိုင်နှစ်ဘက်လုံးတွင် တာဝန်ရှိကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး NCA ပါ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို နှစ်ဘက်လက်နက်ကိုင်တပ်များက ဖောက်ဖျက်မှုရှိ-မရှိ စောင့်ကြည့်ရမည်ဖြစ်ပြီး ဖောက်ဖျက်ပါက စိစစ်အတည်ပြု အရေးယူ ဖြေရှင်းမည်ဖြစ်ကြောင်း JMC-U ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး (KNU) က ပြောသည်။
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ (၁၄) ကြိမ်မြောက် အစည်းအဝေးတွင် အစိုးရကိုယ်စားလှယ်များဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော်ဇောနှင့် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး (ငြိမ်း) တို့အစား ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် ဗိုလ်မှူးချုပ်ကျော်ဇံမြင့် (ငြိမ်း) တို့ကိုလည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ် ပဒိုစောတာဒိုမူးအစား ပဒိုစောဆဲဂေကိုလည်းကောင်း ကော်မတီဝင်များ ပြောင်းလဲ တာဝန်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ အစည်းအဝေးကို ဇန်နဝါရီ ၁၇ ရက်မှ ၁၉ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)