Connect with us

Politics, Law & Military

မလေးရှားနိုင်ငံရေပိုင်နက်သို့ မူးယစ်ဆေးဝါးများသယ်ဆောင်မည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ငွေကျပ် ၄၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်များ၊လက်နက်/ခဲယမ်းများ၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့နှင့်အတူ အိုက်စ်များ၊လက်နက်/ခဲယမ်းများ၊ ထိန်းချုပ်ဓာတုပစ္စည်းများအား တွေ့ရစဉ် (ဓာတ်ပုံ-CCDAC MYANMAR )

ရန်ကုန်၊ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံရေပိုင်နက်သို့ မူးယစ်ဆေးဝါးများသယ်ဆောင်မည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ငွေကျပ် ၄၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်များ၊လက်နက်/ခဲယမ်းများ၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR မှ ထုတ်ပြန်သော သတင်းအရ သိရသည်။တပ်မတော်(ရေ)မှ ဇန်နဝါရီလ ၂၂ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အနီး ပင်လယ်ပြင်၌ “အေးမြတ်အောင်” စက်လှေကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ စက်လှေပေါ်တွင် မူးယစ်ဆေးဝါးများ လွှဲပြောင်းလက်ခံသယ်ဆောင်ရန် စောင့်ဆိုင်းနေသူ ၅ ဦးအားတွေ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ စုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူ ၅ဦးအား စစ်ဆေးဖော်ထုတ်ချက်အရ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် “အေးမြတ်အောင်”အမည်ရှိ ပင်လယ်ပြင်သွား စက်လှေပိုင်ရှင်အား ပုသိမ်မြို့တွင် လည်းကောင်း၊ ဇန်နဝါရီလ ၂၈ ရက်နေ့၌ ဌေးအောင်(ခ)ပေါက်စ အား ကျောင်းကုန်းမြို့နယ်တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ဖော်ထုတ်ချက်အရ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ နိုင်ဦး(ခ)မောင်မောင်လေး(ခ)လှဝင်း အား ပုသိမ်မြို့နယ်၊ ကုလားချောင်းကျေးရွာတွင် ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ ည ၇ နာရီခွဲအချိန် ပုသိမ်မြို့နယ်၊ သမ္ဗန်ချိုင်ကျေးရွာရှိ တင်ထွန်း ၏ ဂိုဒေါင်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅ တန် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖော်ထုတ်ချက်များအရ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၉ နာရီအချိန် ပုသိမ်မြို့နယ်၊ မကျီးဇင်ကျေးရွာတွင် ထွန်းလင်းနိုင်(ခ)ငလင်း၊ ဇော်ထွေးလွင်(ခ) ငတိုလေး၊ ရဲလွင်ကို(ခ)ရခိုင်လေး၊ ကျော်ဇင်ထက် နှင့် ကျော်မင်း တို့ ၅ ဦးအား“အေးမြတ်အောင်”စက်လှေပေါ်သို့ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ တင်ဆောင်ပေးရန် စောင့်ဆိုင်းနေသည့် ကမ်းရိုးတန်းသွား စက်လှေတစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အလယ်ကျွန်းရပ်ကွက်ရှိ“အေးမြတ်အောင်” စက်လှေပိုင်ရှင် တင်ရှိန် နှင့် မဇင်မာဌေး တို့၏နေအိမ်မှ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၄၅ တောင့်၊ ၁၂ ဗို့ ပြောင်းချောကျည် ၂၃ တောင့်၊ မြန်မာငွေကျပ်သိန်း ၃၀၊ မော်တော်ယာဉ် ၂ စီးနှင့် လည်းကောင်း၊ တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက်ရှိ တင်ရှိန် ၏ နေအိမ်မှ ပြောင်းချောသေနတ် ၁ လက်၊ ၁၂ ဗို့ကျည် ၂၃ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၄ ရက်၌ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား မန္တလေးမှ ပုသိမ်သို့ Dump Truck မော်တော်ယာဉ်နှင့် သယ်ဆောင်ခဲ့သည့် ကျော်ရဲမြင့်(ခ)ဖြိုးသူရ နှင့် စိုးမောင်မောင် တို့အား ရေကြည်မြို့နယ်၊ ရေနံ့သာကျေးရွာတွင် အဆိုပါ မော်တော်ယာဉ်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့၌ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များကို တာဝန်ခံသယ်ဆောင်သူ ရဲခေါင်ထွန်း ငှားရမ်းထားသည့် ပြည်ကြီးတံခွန်မြို့နယ်၊ (ည)ရပ်ကွက်၊ ၅၉ လမ်းနှင့် ၁၄၁ လမ်းထောင့်ရှိခြံဝင်းအတွင်းမှ ထိန်းချုပ်ဓာတုပစ္စည်းများ ဖြစ်သည့် Methylamine ၁၆၄၀၀ လီတာ၊ Sulphuric Acid ၁၂၀၀ လီတာ၊ Hydrochloric Acid ၅၆၀ လီတာ၊ Benzyl Cyanide ၁၂၄၀၀ လီတာတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များနှင့် ဓာတုပစ္စည်းစုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၄၅ ဒသမ ၂၈ ဘီလီယံကျော်နှင့် ပင်လယ်ပြင်သွားစက်လှေ ၁ စီး၊ ကမ်းရိုးတန်းသုံး စက်လှေ ၁ စီး၊ မော်တော်ယာဉ် ၃ စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ယင်း စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်မှ မန္တလေးသို့သယ်ဆောင်၍ မန္တလေးတွင် သိုလှောင်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် မလေးရှားနိုင်ငံရေပိုက်နက်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.