Connect with us

Myanmar

မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်သည့် နေ့ရက် သတ်မှတ်

ပြည်သူ့စစ်မှုထမ်း ဥပဒေ အာဏာတည်သည့် နေ့ရက်သတ်မှတ်ခြင်း ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ - MRTV)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

၂၀၁၀ ပြည့်နှစ်၊ နို၀င်ဘာ ၄ ရက်ကနိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီက ပြဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေသည် ယနေ့ (ဖေဖော်ဝါရီ ၁၀ ရက်) မှစ၍ အာဏာတည်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အမိန့်ကြေညာချက်အမှတ် ၂၇/၂၀၂၄ ဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေ အာဏာတည်သည့် နေ့ရက်သတ်မှတ်ခြင်းဟုဆိုကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမိန့်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ ဥပဒေအရ အမျိုးသားဖြစ်ပါက (၁၈) နှစ်ပြည့်ပြီး (၃၅) နှစ်မပြည့်သေးသူများ၊ အမျိုးသမီး ဖြစ်ပါက အသက် (၁၈)နှစ်ပြည့်ပြီး (၂၇)နှစ် မပြည့်သေးသူများ မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ စက်မှုလက်မှု အပါအ၀င် ကျွမ်းကျင်ပညာရှင်ဖြစ်လျှင် အသက် ၁၈ နှစ်မှ ၄၅ ထိ အမျိုးသားအားလုံးနှင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်ထိ အမျိုးသမီးများအားလုံး စစ်မှုထမ်းရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဥပဒေအရ အရွယ်ရောက်ပြီးသား နိုင်ငံသားတိုင်းစစ်မှုထမ်းရန်ကာလကို (၂) နှစ် သတ်မှတ်ထားပြီး အခြေအနေအရ (၅) နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်သည်ဟု ပြဌာန်းထားကြောင်း သိရသည်။

ယင်း စစ်မှုထမ်းဥပဒေအရ သာသနာ့ ၀န်ထမ်းများ ( မည်သည့် ဘာသာမဆို )၊ အိမ်ထောင်သည် အမျိုးသမီးများ (အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးများ)၊ ဆေးစစ်ဆေးချက်အရ စစ်မှုထမ်းရန် မသင့်လျော်သူ၊ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က သီးခြားအမိန့်ထုတ်ပြန် ကင်းလွတ်ခွင့်ပြုသည့်သူများမှလွဲ၍ ကျန်အကျုံးဝင်သူအားလုံးမဖြစ်မနေ စစ်မှုထမ်းဆောင်ရမည်ဖြစ်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။

စစ်မှုထမ်းခြင်းမှ ရှောင်လွဲရန် ရောဂါရှိဟန်ဆောင်ခြင်း၊ ရောဂါရအောင်ပြုလုပ်ခြင်း၊ ရောဂါကိုမပျောက်အောင် ပိုဆိုးလာအောင်လုပ်ခြင်း၊ အနာတရ ဖြစ်အောင်လုပ်ခြင်း၊ အခြားနည်းလမ်းများဖြင့် ပြု လုပ်ခြင်း စသည်တို့အတွက် ကျူးလွန်သူက (၅) နှစ်ထက်မပိုသော ထောင်ဒဏ်၊ သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းဆောင်ခြင်းမှ ရှောင်လွဲရန်အတွက် အားပေးကူညီသူအရပ်သားဖြစ်ပါက ထောင်ဒဏ် (၁) နှစ်၊ ၀န်ထမ်းဖြစ်ပါကထောင်ဒဏ် (၃) နှစ်ကျခံရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)