Connect with us

Politics, Law & Military

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် NCAစာချုပ်၌ လက်မှတ်မထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်ရန် ပိုမိုဆောင်ရွက်သင့်ဟုဆို

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -(၂၁) ရာစု ပင်လုံ တတိယ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး မိန့်ခွန်းပြောကြားစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်(NCA)၌ လက်မှတ်မထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်များ ပါဝင်လာဖို့ ပိုမို၍ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -(၂၁) ရာစု ပင်လုံ တတိယ အစည်းအဝေး အဖွင့်မိန့်ခွန်း၌ ကရင်အမျိုးသားအစည်း အရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောကြားသည်။

နိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အပေါ်တွင် အခြေခံသည့်အတွက် စာချုပ်ပါ သဘောတူညီမှုများကို အကောင်အထည်ဖော်ရေး အတွက် အလွန်အရေးကြီးကြောင်း ၎င်းက ဆိုသည်။

NCA လက်မှတ်ရေးထိုးပြီး ၂နှစ်ကျော် ကာလအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၃ကြိမ်ကျင်းပနိုင် ခဲ့သော်လည်း နိုင်ငံရေးဆွေးနွေးပွဲကို တစ်ကြိမ်သာ ကျင်းပနိုင်ခဲ့ကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -(၂၁) ရာစု ပင်လုံ ဒုတိယအစည်းအဝေးပြီးနောက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြဌာန်းချက်အရ (၆)လတစ်ကြိမ် မကျင်းပနိုင်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -(၂၁) ရာစု ပင်လုံ တတိယ အစည်းအဝေးသို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ သမ္မတများဖြစ်သော ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီအသီးသီးမှ ခေါင်းဆောင်များနှင့် ပြည်တွင်းပြည်ပ လေ့လာသူများစွာ တက်ရောက်ခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေးကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂) ၌ ယနေ့ဇူလိုင် ၁၁ ရက် ၊ နံနက် ၁၀ နာရီ အချိန်မှ စတင်၍ ဇူလိုင် ၁၆ ရက်နေ့ထိ ကျင်းပမည်ဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ပထမ အစည်းအဝေးအား ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက် မှ စက်တင်ဘာလ ၃ ရက် အထိ ကျင်းပ ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးအား ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်မှ ၂၉ ရက် အထိ ကျင်းပခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.