Connect with us

Politics, Law & Military

၂၀၂၀ ရွေးကောက်ပွဲ၌ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ စာရင်းအမှန်မှာ ၃၈,၂၇၁,၀၀၀ ကျော်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ပြော

၂၀၂၀ ရွေးကောက်ပွဲနေ့တွင် နေပြည်တော်ရှိ မဲရုံ တစ်ရုံ၌ မဲများ ရေတွက်နေကြစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ရေးသားသူ / စိုးသန်းလင်း

၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ စာရင်းမှာ ၃၈ သန်း၊ နှစ်သိန်း ခုနစ်သောင်းကျော် (၃၈,၂၇၁,၄၄၇ ဦး) ရှိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ဆင်ဟွာသို့ ယနေ့ နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

“ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ စာရင်းနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနက ပထမပိုင်းမှာ ၃၇သန်း၊ နှစ်သိန်း၊ ခြောက်သောင်းကျော်(၃၇,၂၆၈,၈၇၆ ဦး)လို့ ထုတ်ပြန်ခဲ့တယ်၊ သူတို့က ရနိုင်သမျှ သတင်းအချက်အလက်တွေကို စုဆောင်း ဖော်ပြခဲ့တာပါ၊ ဒုတိယ အကြိမ် မဲစာရင်းတွေ ကပ်ထားပြီး နောက်ပိုင်း ပြည်သူတွေရဲ့ တင်ပြ လျှောက်ထားချက်တွေအပေါ် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အသီးသီးက ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ပြင်ဆင် ဖြည့်စွက် ဆောင်ရွက်မှုတွေ လုပ် အပြီးမှာ တရားဝင် မဲစာရင်းအမှန်ကို ရတဲ့အတွက် အခုလို ထုတ်ပြန်ရတာပါ” ဟု ၎င်းက ရှင်းလင်း ဖြေကြားခဲ့သည်။

နိုင်ငံပိုင် သတင်းစာတွင် ပထမပိုင်း ဖော်ပြခဲ့သည့် မဲဆန္ဒရှင် စာရင်းသည် အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ ဒုတိယ အကြိမ် ကပ်ထား ကြေညာခဲ့သော မဲဆန္ဒရှင် စာရင်း စုစုပေါင်းမှ ရွေးကောက်ပွဲ ကျင်းပခြင်း မပြုမည့် မဲဆန္ဒနယ်များရှိ မဲဆန္ဒရှင်များကို နုတ်ပယ်ထားသည့် အတည်မပြုရသေးသော အခြေခံ မဲဆန္ဒရှင် စာရင်းသာ ဖြစ်ကြောင်း၊ နိုဝင်ဘာ ၈ ရက်နေ့၌ မဲပေးသူ ဦးရေမှာ ၂၇ သန်းကျော် ရှိခဲ့ရာ မဲပေးပိုင်ခွင့် ရှိသူများ၏ ၇၀ ရာခိုင်နှုန်းကျော် မဲပေးခဲ့ကြောင်း နိုဝင်ဘာ ၁၁ ရက်က ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲကော်မရှင်သတင်းစာရှင်းလင်းပွဲ၌ တာဝန်ရှိသူ၏ ဖြေကြားချက်အရ သိရသည်။ (Xinhua)