Science & Technology
အထည်ချုပ် စက်ရုံများ အတွင်း လုပ်ငန်းခွင် အခြေအနေများကို စစ်တမ်းကောက်ယူ
 
																								
												
												
											ရန်ကုန်၊ မေ ၆ ရက် (ဆင်ဟွာ)
အထည်ချုပ် စက်ရုံများ အတွင်း လုပ်ငန်းခွင် အခြေအနေများကို လွှတ်တော်သုံးရပ်နှင့် နိုင်ငံတကာရှိ အထည်ချုပ် ဝယ်ယူသူများ သိရှိစေရန် စစ်တမ်း ကောက်ယူခဲ့ကြောင်း Action Labour Right မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ပုသိမ်မြို့နယ်တို့ရှိ အထည်ချုပ် စက်ရုံ ၁၂ ရုံတွင် စစ်တမ်း ကောက်ယူခဲ့ပြီး စက်ရုံများအတွင်း အလုပ်သမား ဥပဒေအတိုင်း အလုပ်သမားများ ခံစားခွင့်၊ အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေးနှင့် အလုပ်သမား များ၏ အရည်အသွေး များကို သိရှိစေရန် စက်ရုံပိုင်ရှင် များနှင့် အထည်ချုပ် အလုပ်သမားများထံ လက်တွေ့ ကွင်းဆင်း မေးမြန်းခဲ့ကြောင်း သိရသည်။
“အချိန်ပို ကိစ္စမှာ သတ်မှတ်ထားတဲ့ အတိုင်း မလုပ်တာတွေ တွေ့ရတယ်။ လစာပေးတဲ့ ပုံစံကလည်း အလုပ်သမားတွေ နားမလည်တဲ့ ပုံစံတွေနဲ့ ပေးနေတာ တွေ့ရတယ်။ အလုပ်သမားတွေက ပညာအရည်အချင်း နည်းတဲ့သူတွေ ရှိတယ်။ ဥပဒေတွေအတိုင်း လိုက်နာတာ အားနည်းနေတယ်” ဟု Action Labour Right ၏ ဒါရိုက်တာ ကိုသူရိန်အောင် က ပြောသည်။
စစ်တမ်းကို ဖေဖော်ဝါရီလမှ စတင်ကာ မေလ ၅ ရက် အထိ ကောက်ယူခဲ့ပြီး၊ စစ်တမ်းပါ အချက်အလက် များကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ရေးသားကာ လွှတ်တော် သုံးရပ်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းနှင့် မြန်မာနိုင်ငံရှိ အထည်ချုပ် လုပ်ငန်းများ၏ ထုတ်ကုန်များကို ဝယ်ယူနေသည့် အထည်ချုပ် အဖွဲ့အစည်းများသို့ ပေးပို့မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
