Science & Technology
ဧရာဝတီလင်းပိုင် တရားမဝင်ဖမ်းဆီးမှု လျော့ကျစေရန် Smart Data Base Software အသုံးပြုမည်

ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
ဧရာဝတီလင်းပိုင်များ အန္တရာယ်ဖြစ်စေမည့် တရားမဝင်ငါးဖမ်းနည်းစနစ်များ အသုံးပြုမှုလျော့ကျအောင် Smart Data Base Software အသုံးပြု၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန (နေပြည်တော်) ဒုတိယဦးစီးမှူး(လင်းပိုင်လေ့လာရေးနှင့် ထိန်းသိမ်းရေးတာဝန်ခံ) ဦးဟန်ဝင်းထံမှ သိရသည်။
အဆိုပါဆော့ဖ်ဝဲကို GPS နှင့်ချိတ်ဆက်၍ လုပ်ဆောင်သွားမည်ဖြစ်ပြီး GPS အသုံးပြုနည်းကို သားငှက် ထိန်းသိမ်းရေးအဖွဲ့ (WCS)မှ ပညာရှင်များက ယခုနှစ် ဇန်နဝါရီလနှင့် မေလများက မန္တလေးနှင့် စစ်ကိုင်းမြို့တို့တွင် လင်းပိုင်များ ကျင်လည်ကျက်စားရာဒေသရှိ ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများကို သင်တန်းပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း GPS စနစ်ကို လင်းပိုင်ထိန်းသိမ်းရေးဧရိယာအတွင်း စဉ့်ကူးတွင် စတင်လုပ်နေခြင်းဖြစ်ကာ ဧရာဝတီလင်းပိုင်များ ကျင်လည်ကျက်စားသည့် စစ်ကိုင်း၊ မတ္တရာ၊ ရွှေဘို၊ ကန့်ဘလူ၊ ထီးချိုင့်၊ ကသာ၊ ရွှေကူနှင့် ဗန်းမော်မြို့များတွင် လုပ်ဆောင်နိုင်ရန် အတွက် ယခုနှစ် သြဂုတ်လအတွင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)မှ GPS စက်များကို ထုတ်ပေးရန် စီစဉ်လျက်ရှိကြောင်း၊ မန္တလေး-ဗန်းမော် ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ လင်းပိုင်သေဆုံးမှုမှာ လင်းပိုင် လေ့လာရေးနှင့်ထိန်းသိမ်းရေးမှ ရရှိထားသောစာရင်းများအရ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၇ ဇွန်လအထိ ၂၅ ကောင်သေဆုံးခဲ့ပြီး လက်ရှိအချိန်ထိ အကောင်ရေ ၇ဝ ခန့်ကျန်ရှိနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)