Social
ကျေးရွာ ခြောက်ရွာ၌ ဧရာဝတီ လင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး စီမံကိန်း ဆောင်ရွက်မည်
ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်း ဒေသကြီး မင်းကွန်းနှင့် ကျောက်မြောင်း ဒေသကြားရှိ ကျေးရွာ ခြောက်ရွာ၌ ဧရာဝတီ လင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး စီမံကိန်း ဆောင်ရွက်မည် ဖြစ်ကြောင်း လင်းပိုင် ထိန်းသိမ်းရေး မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဧရာဝတီလင်းပိုင် စစ်တမ်းကို တစ်နှစ်တစ်ခါ ကောက်ယူခြင်း ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်က ကောက်ယူခဲ့သည့် စစ်တမ်းများ အရ ဧရာဝတီ လင်းပိုင် အကောင်ရေမှာ ၅၈ ကောင်သာ ရှိပြီး ယခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၈ ရက်အထိ ကောက်ယူ ခဲ့ရာတွင် ၆၅ ကောင်တွေ့ရှိခဲ့သည့်အတွက် ယမန်နှစ် နှင့် နှိုင်းယှဉ်ပါက ခုနစ်ကောင်တိုး လာကြောင်း သိရသည်။
ယင်း စီမံကိန်းတွင် လင်းပိုင်နှင့် ရေလုပ်သား အကျိုးတူ ငါးဖမ်းခြင်းကို လေ့လာနိုင်ရန်၊ ကျေးရွာများရှိ ဝါးခမောက် လုပ်ငန်း၊ အိုးလုပ်ငန်း၊ ဆေးပေါ့လိပ် လုပ်ငန်းများနှင့် ကျေးလက်ဓလေ့ များကို လေ့လာနိုင်ရန် စသည့် အစီအစဉ်များ ပါဝင်မည် ဖြစ်သည်။
ရှေ့လုပ်ငန်းစဉ် များအဖြစ် လင်းပိုင် ထိန်းသိမ်းရေး နယ်မြေအတွင်းရှိ ကျေးရွာ ခြောက်ရွာထဲမှ တစ်ရွာကို ကျေးရွာ အစုပိုင် ဖြစ်သော Bed & Breakfast များ ဝန်ဆောင်မှု ပေးနိုင်မည့် အဆောက်အအုံများ တည်ဆောက်ခြင်း၊ ရေလုပ်သားများ၏ အမျိုးသမီး များနှင့် ဒေသခံ အမျိုးသမီး များအား ချက်ပြုတ်နည်း သင်တန်းများ ပေးခြင်း၊ ဧည့်ဝန်ဆောင်မှု သင်တန်းများ ပေးခြင်း၊ ဘာသာရပ် ဆိုင်ရာ သင်တန်းပေးခြင်း၊ လင်းပိုင်များ ကြည့်ရှုရာတွင် ဆောင်ရန်၊ ရှောင်ရန်များ သင်တန်းပေးခြင်း၊ နိုင်ငံခြားသား များအတွက် သတင်း အချက်အလက်များ ရရှိနိုင်မည့် သတင်း အချက်အလက် စင်တာတစ်ခု တည်ဆောက်ခြင်း တို့ကို Wildlife Conservation Society ၏ ပံ့ပိုး ကူညီမှုဖြင့် ဆောင်ရွက် သွားမည် ဖြစ်သည်။
ဧရာဝတီမြစ် အတွင်း လင်းပိုင် အကောင်ရေ ကျဆင်းစေသည့် အကြောင်းရင်း များမှာ ရွှေတူးဖော်ရေး လုပ်ငန်းများနှင့် ငါးအဆိပ်ချ ဖမ်းဆီးမှု များကြောင့်ဖြစ်ပြီး လင်းပိုင် အရေအတွက် လျော့နည်းလာမှုကို ထိန်းသိမ်းရန်ဧရာဝတီ လင်းပိုင်များ ကျက်စားရာနှင့် နီးစပ်သည့်မြို့ များ၌ လင်းပိုင် ထိန်းသိမ်းရေး ပညာပေး ဆိုင်းဘုတ်များ စိုက်ထူသွားမည် ဖြစ်ကြောင်း မြဝတီ သတင်းတွင် ဖော်ပြထားသည်။ (Xinhua)