Connect with us

Social

၂၀၂၀ပြည့်နှစ် အောက်တိုဘာ ၉ ရက် တွင် ပန်းပု အထိမ်းအမှတ်အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ထုတ်ဝေမည်

အောက်တိုဘာ ၉ ရက်တွင် ရောင်းချမည့် ပန်းပု အထိမ်းအမှတ်အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်အားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာ့စာတိုက်လုပ်ငန်း)

ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ်သြဂုတ် ၈ ရက်အထိ အထူးစာပို့တံဆိပ်ခေါင်း ၁၂ခုအား ရောင်းချပြီးဖြစ်ကြောင်း၊ ၂၀၂၀ပြည့်နှစ် အောက်တိုဘာ ၉ ရက် တွင် ပန်းပု အထိမ်းအမှတ်အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ်အား ၂၀၂၀ပြည့်နှစ်အတွင်း ၁၃ ခုမြောက် အထူးထုတ်တံဆိပ်ခေါင်းအဖြစ်ရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာ့စာတိုက်လုပ်ငန်း၊ မန္တလေးစာတိုက်ကြီးမှ မန်နေဂျာဒေါ်နွယ်နီအောင်က ဆိုသည်။

“ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၉ ရက်နေ့မှာ မြန်မာ့ရိုးရာသုခုမအနုပညာ ပန်းဆယ်မျိုးတွင် အပါအဝင်ဖြစ်တဲ့ ပန်းပု အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်ကို ထုတ်ဝေသွားမှာဖြစ်ပါတယ်။ မြန်မာ့ရိုးရာသုခုမအနုပညာရပ်တွေ ကို မျိုးဆက်သစ်လူငယ်တွေရဲ့ကြားမှာ ပိုမိုသိရှိနားလည်လာဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ ထုတ်ဝေရခြင်းဖြစ်ပါတယ်’’ ဟု ၎င်းက သည်။
ပန်းပုတံဆိပ်ခေါင်းပေါ်တွင် ပန်းပုပညာရပ် ၏ သင်္ကေတဖြစ်သော သစ်သား၊ဆင်စွယ်၊ ဖယောင်း အစရှိသော ဝတ္ထုပစ္စည်းများကို ရုပ်လုံး၊ ရုပ်ကြွထုထွင်းနေသောပုံအားဖော်ညွှန်းထားကြောင်း၊ အထူးတံဆိပ်ခေါင်းတစ်ခု ကို ၂၀၀ ကျပ်ဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် တံဆိပ်ခေါင်းအလုံးရေ ၃သိန်း ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

“COVID-19 ဖြစ်ပွားနေတဲ့ ကာလဖြစ်လို့ တံဆိပ်ခေါင်းစုဆောင်းသူတွေ၊ တံဆိပ်ခေါင်းဝါသနာရှင်တွေ လာရောက်ဝယ်ယူတဲ့သူတွေရောဂါကူးစက်မှုမခံရစေဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား တဲ့ Standard Operation Procedure အတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ပြီး ရောင်းချပေးသွားမှာပါ။ စာတိုက်တွေမှာ လာရောက်ဝယ်ယူနိုင်သလို ဖုန်းဆက်ပြီးလည်း မှာကြားနိုင်ပါတယ်’’ ဟု ဒေါ်နွယ်နီကျော် က ဆက်ပြီးရှင်းပြသည်။

မြန်မာ့စာတိုက်လုပ်ငန်းမှ သုခုမအနုပညာ ပန်းဆယ်မျိုးတွင် အပါအဝင်ဖြစ်သော ပန်းပု အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်( ၂၀၀ ကျပ်တန်) (၁)မျိုးကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၉)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တော်သလင်းလပြည့်ကျော်(၈) ရက်(သောကြာနေ့)၊ နံနက်(၀၉:၃၀)နာရီမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့တော်စာတိုက်ကြီးများတွင် ရောင်းချပေး သွားမည် ဖြစ်ကြောင်း သိရသည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၉) ရက် (သောကြာနေ့)တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (First day Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ် ပေးမည်ဖြစ်ကြောင်း မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။ (Xinhua)