Connect with us

Social

မြန်မာ့စာတိုက်လုပ်ငန်း၏ ဝန်ဆောင်မှုများသည်COVID-19 ကာလ လမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့် ပုံမှန်ထက်ပိုမိုကြန့်ကြာမှုရှိနိုင်ကြောင်းဆို

စာတိုက်မှ စာပို့ရန် ဆိုက်ကယ်များဖြင့်ထွက်ခွါမည့် စာပို့သူများအားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာ့စာတိုက်လုပ်ငန်း)

ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

မြန်မာတစ်နိုင်ငံလုံး အနယ်နယ်အရပ်ရပ်သို့ စာပို့ခြင်း၊ ပါဆယ်များပို့ခြင်းများအပါအဝင် မြန်မာ့စာတိုက်လုပ်ငန်း ၏ ဝန်ဆောင်မှုများသည် COVID-19 ကာလတွင် ပုံမှန်အတိုင်းဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ သို့သော် လမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့်  ပုံမှန်ထက်နောက်ကျနိုင်ကြောင်း မြန်မာ့စာတိုက်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခမ်းအောင် က ဆင်ဟွာသို့ အောက်တိုဘာ ၉ ရက်တွင်ပြောသည်။

“COVID-19 ကာလက ပုံမှန်ထက်အခက်အခဲတွေ ရှိတယ်။ ဘယ်လိုအခက်အခဲလဲဆိုတော့ ကျွန်တော်တို့ ချောသယ်ယူပို့ဆောင်ရေး နဲ့ ပတ်သက်ပြီး ဥပမာ ရန်ကုန်ကနေပြီး နေပြည်တော် ကို ပို့ရင် သက်ဆိုင်ရာဂိတ်အသီးသီးမှာ ကျန်းမာရေးအရ အစစ်ဆေးခံရတာတွေရှိတယ်။ ယာဉ်မောင်းတွေ က သက်ဆိုင်ရာ ဂိတ်တွေ မှာကျန်းမာရေးအစစ်ဆေးခံရတဲ့အတွက် ပုံမှန်ချောသယ်ယူပို့ဆောင်တာထက် ကြန့်ကြာမှု ရှိတယ်ဆိုတာလေး ကျွန်တော့်အနေနဲ့ ပြည်သူကိုတင်ပြချင်ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြား သည်။

ထို့ကြောင့် မြန်မာ့စာတိုက်လုပ်ငန်း၏ ချောစာ/ ပစ္စည်း ပေးပို့သယ်ဆောင်နေသော မော်တော်ယာဉ်များ၏ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များသည် မြို့ဝင်၊မြို့ထွက်ဂိတ်များတွင် COVID-19 အရေးပေါ် သတ်မှတ်ထုတ်ပြန်ချက်များ၊ ညွှန်ကြားချက်များ နှင့်အညီ ကျန်းမာရေးအစစ်ဆေးခံ ဆောင်ရွက်လျက်ရှိသည့်အတွက် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။

“တစ်နိုင်ငံလုံးမှာရှိတဲ့ စာတိုက်ပေါင်း ၁၃၉၁ ရုံးကဝန်ထမ်းများအားလုံးအနေနဲ့ နိုင်ငံတော်က ထောက်ပံ့ပေးထားတဲ့ နှာခေါင်းစည်း၊ မျက်နှာကာနဲ့ လက်အိတ်တွေကိုဝတ်ဆင်ပြီးတော့ ပြည်သူကိုဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ ပြည်နယ်/တိုင်းဒေသကြီးအားလုံးမှာ ရှိတဲ့ မြို့နယ်အားလုံးမှာ ပြည်သူတွေ အတွက် COVID-19 ကာလမှာလည်း ပစ္စည်းပို့တာ အပါအဝင် ပြည်သူတွေ လိုအပ်နေတဲ့ အတွက် ပေးပို့ဆောင်ရွက်နေပါတယ်။ ဒါပေမယ့် ချောလမ်းအခက်အခဲရှိနေလို့ သတ်မှတ်အချိန်ထက်နောက်ကျနိုင်လို့ နားလည်ခွင့်လွှတ်ပေးဖို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်’’ ဟု ဦးခမ်းအောင်က ဆက်ရှင်းပြသည်။

ဥပမာအားဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားသို့ စာ (သို့မဟုတ်) ပါဆယ်ပို့ပါက ပုံမှန်အခြေအနေတွင် ၃ ရက်ကြာနိုင်ကြောင်း၊  ယခု COVID-19 ကာလတွင် ၂ ဆ ၆ ရက်လောက်ကြာနိုင်ကြောင်း သိရသည်။

မော်တော်ကား နှင့် ဆို ပုံမှန်ထက် ၂ ဆ ၃ ဆ ပိုကြာနိုင်ကြောင်း၊ ရထား နှင့် ပို့ပါက ကားထက်ပိုမြန်နိုင်ကြောင်းသိရသည်။  (Xinhua)