Social
ကမ္ဘာ့အေအိုင်ဒီအက်စ် အထိမ်းအမှတ်နေ့ အမျိုးသား လွှတ်တော်တွင် ပထမဆုံး အကြိမ် ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)
၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အေအိုင်ဒီအက်စ် အထိမ်းအမှတ်နေ့ကို ယနေ့နံနက်ပိုင်း နေပြည်တော်၊ အမျိုးသား လွှတ်တော်တွင် ပထမဆုံး အကြိမ် အဖြစ် ကျင်းပခဲ့သည်။
UNAIDS မှ Consultant ဒေါ်စုယဉ်ဝင်းက “HIV နဲ့ပတ်သက်ပြီး ဆောင်ရွက်ကြတဲ့ လူမှု ကွန်ယက်တွေ အားကောင်းလာ အောင် လုပ်ဆောင်တာပါရှင့်၊ World AIDS နေ့ကို လွှတ်တော်မှာ လာပြီး ကျင်းပရတာက အေအိုင်ဒီအက်စ် ရောဂါဆိုတာ ရှိနေတယ်၊ ဒီရောဂါကိုလည်း ဆေးကုသလို့ရတယ် ဆိုတာ လွှတ်တော် ကိုယ်စားလှယ်တွေသိအောင်လို့ပါ၊ လွှတ်တော်မှာ ခုလို ကျင်းပရတာဟာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်” ဟု ဆင်ဟွာကို ပြောခဲ့သည်။
UNAIDS ၏ Country Director mr. Eamonn Murphy ကလည်း “လွှတ်တော် ကိုယ်စားလှယ် တွေဆိုတာ မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေပါ၊ သူတို့ရဲ့ ဦးဆောင်မှုက လူ အဖွဲ့အစည်းအတွက် ကောင်းမွန်တဲ့ အထောက်အပံ့တွေ ဖြစ်နိုင်တဲ့ အတွက် World AIDS နေ့ကို ဒီနေရာမှာ လာပြီး ကျင်းပရတာပါ” ဟု ဆင်ဟွာကို ဖြေကြားခဲ့သည်။
ယနေ့ အမျိုးသား လွှတ်တော်တွင် ပြုလုပ်သည့် World AIDS နေ့ အခမ်းအနားတွင် ဖြန့်ဝေသည့် လက်ကမ်း ကြော်ငြာ၌ “မိမိပတ်ဝန်းကျင်ရှိ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ယခု လုပ်ငန်းစဉ်တွင် ပါဝင်အောင် တိုက်တွန်း နှိုးဆော်ပါ၊ ရောဂါပိုးရှိသူနှင့် ကူးစက်ရန် အခွင့်အလမ်းများသူတို့အတွက် ကောင်းမွန်သော ဥပဒေ၊ မူဝါဒများ ပေါ်ထွန်းလာသည်အထိ လုပ်ငန်းစဉ် အဆင့်ဆင့်တွင် တိုက်တွန်းအားပေးရန်” စသည့် လွှတ်တော် ကိုယ်စား လှယ်များအား တိုက်တွန်း နှိုးဆော်သည့် စာသားများ၊ အချက်အလက်များ ဖော်ပြပါရှိသည်။
World AIDS နေ့ အခမ်းအနားများကို UNAIDS သည် ပြည်တွင်းရှိ NGOs များ၊ လူမှုကွန်ယက်များဖြင့် ချိတ် ဆက် ပူးပေါင်းပြီး “အားလုံး လက်တွဲ ကာကွယ် အိပ်ချ်အိုင်ဗွီ ကူးစက်မှု အန္တရာယ်” ဟူသည့် ဆောင်ပုဒ်ဖြင့် နိုင်ငံအဝှမ်းတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။ (Xinhua)