Social
ချင်းတွင်းသြင်္ကန်အတွင်း အန္တရာယ်မဖြစ်စေရေး လုံခြုံရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို တိုးမြှင့်ထား
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ချင်းတွင်းမြစ်ကမ်းဘေး သဲသောင်ပြင်တွင် ချင်းတွင်းသြင်္ကန်ကာလအတွင်း ရေကစားကြမည့် ပြည်သူများ ရေနှင့်ပတ်သက်သည့် အန္တရာယ်မဖြစ်ပွားစေရေးအတွက် လုံခြုံရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။
မုံရွာမြို့၊ ချင်းတွင်းမြစ်ကမ်းဘေး သဲသောင်ပြင်ရှိ wet zone တွင် ရေကစားသူများ အန္တရာယ်မဖြစ်စေရန် ရေအနက်များနေရာတွင် သတိပေးအလံတိုင်များ စိုက်ထူထားခြင်း၊ ရေကစားရန် သတ်မှတ် ပေးထားသည့် ဧရိယာများတွင် ဘောကွင်းများ ချထားခြင်း၊ မြစ်အတွင်း တွဲသဘောၤကြီးချထားခြင်း၊ မီးသတ်ဦးစီးဌာနက ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ စပိဘုတ်များနှင့် အသင့်စောင့်ခြင်းများ ပြုလုပ်ပေးထားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ချင်းတွင်းသြင်္ကန်ကို ဧပြီလ (၁၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ချင်းတွင်းမြစ်အတွင်း ရေကစားကြမည့် ပြည်သူများ မတော်တဆမှုများ မဖြစ်ပွားစေရေးအတွက် စစ်ကိုင်းတိုင်းဒေသ ကြီးမီးသတ်ဦးစီးဌာနမှ ရှာဖွေ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။(Xinhua)