Social
လျှပ်စစ်ရထား ပြေးဆွဲမှုအား ဇူလိုင်လ ၁ ရက်တွင် ရပ်ဆိုင်းမည်
ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)
ရန်ကုန်မြို့တွင် ပြေးဆွဲလျက်ရှိသည့် လျှပ်စစ်ရထားအား ဇူလိုင်လ ၁ ရက်တွင် ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း မြန်မာ့မီးရထား (အောက်မြန်မာပြည်) ၏ အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်းက ပြောကြားခဲ့သည်။
ဦးထွန်းအောင်သင်းက “ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်ဖို့ အတွက် ကျွန်တော်တို့က လျှပ်စစ်ရထားကို ပြေးဆွဲခဲ့တာပါ။ ကျွန်တော်တို့ လျှပ်စစ်ရထား ပြေးဆွဲမှုကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာကတော့ စီးတဲ့သူ နည်းတယ်။ လျှပ်စစ်ရထားဟာ ကမ်းနားလမ်းတစ်လျှောက်မှာ ပြေးဆွဲနေတဲ့အတွက် ကွန်တိန်နာကားတွေ သွားလာမှုကို ပိတ်ဆို့စေတယ်လို့ သုံးသပ်တာတွေ ရှိနေတယ်တဲ့ အတွက် ရပ်ဆိုင်းဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာပါ’’ ဟု ဆင်ဟွာကို ပြောသည်။
လျှပ်စစ်ရထားအား လက်မှတ် တစ်စောင်လျှင် ကျပ် ၁၀၀ ဖြင့် ပြေးဆွဲခြင်း ဖြစ်သည်။ လျှပ်စစ်ရထား ပြေးဆွဲမှုအား ဇွန်လ ၃၀ ရက်တွင် နောက်ဆုံး ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင် ယာဉ်ကြော ပိတ်ဆို့မှု အတွက် လိုအပ်မှုရှိပါက လျှပ်စစ်ရထားအား ပြန်လည် ပြေးဆွဲမည် ဖြစ်ကြောင်း ဆိုသည်။ (Xinhua)