Social
ပန်းချီ၊ ပန်းပု အနုပညာပြပွဲ”Art Expo Bagan 2020”ကို ပုဂံ၌ ကျင်းပမည်
ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)
ပြည်တွင်း၊ ပြည်ပ ပန်းချီ၊ ပန်းပု အနုပညာရှင် ၆၀၀ ကျော် ပါဝင်ပြသမည့်
ပန်းချီ၊ ပန်းပု အနုပညာပြပွဲ”Art Expo Bagan 2020” ကို မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပုအစည်းအရုံး (ဗဟို)နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ပူးပေါင်း၍ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှု ပြတိုက်ကြီးတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၇ ရက်မှ ၁၁ ရက်အထိ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့သည်။
အဆိုပါ အနုပညာပြပွဲတွင် ပုဂံ၏ခမ်းနားထည်ဝါခဲ့သည့် ရှေးဟောင်းအနုပညာ လက်ရာများ နှင့်အတူ ပြည်တွင်း၊ ပြည်ပ ပန်းချီ ပန်းပုအနုပညာရှင်တို့၏ အနုပညာ လက်ရာများကိုပါ မြင်တွေ့ခွင့်ရမည်အပြင်
ပန်းချီချစ်သူ များအတွက်လည်း အဆင်ပြေလွယ်ကူ ချောမွေ့စေရန် Online Art Trading Platform တစ်ခုကိုပါ မိတ်ဆက်ပေးသွားမည်ဖြစ်ကာ အနုပညာ ပြပွဲ ကျင်းပမည့် ၅ ရက်တာကာလအတွင်း ပန်းချီ၊ပန်းပု အနုပညာ၏ အခြေခံ တစ်စိတ် တစ်ဒေသကို ဝါရင့် ဆရာ၊ ဆရာမများက လက်တွေ့သင်ကြား ပြသပေးမည့် အစီအစဉ်တစ်ခုလည်း ပါဝင်ကြောင်းသိရသည်။
ထို့ပြင် ဒေသတွင်း အနုပညာရှင်များ၊ နောင်တစ်ချိန် လင်းလက်လာမည့် အနုပညာရှင်များနှင့် ၎င်းတို့ပုံဖော် ထုဆစ်ထားသည့် နှလုံးသည်းပွတ်မှ ပုံရိပ်များအား မြင်တွေ့နိုင်မည်ဖြစ်ပြီး အနုပညာကို ချစ်မြတ်နိုးသူ စိတ်ပါဝင်စားသူများ ပါဝင်ဆင်နွှဲနိုင် ကြောင်းသိရသည်။ (Xinhua)