Social
မိုဘိုင်းလ်ဖုန်း သုံးစွဲသူများ စနစ်တကျ မှတ်ပုံတင်ထားခြင်း မရှိသည့် SIM Card များအား မတ်လ ၃၁ ရက်မှ စတင်၍ ဝန်ဆောင်မှု ပေးခြင်း ယာယီ ရပ်စဲသွားမည်

ရန်ကုန် ၊ သြဂုတ် ၂ ရက်(ဆင်ဟွာ)
မိုဘိုင်းလ်ဖုန်း သုံးစွဲသူများ အနေဖြင့် စနစ်တကျ မှတ်ပုံတင်ထားခြင်း မရှိသည့် SIM Card များအား၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်မှ စတင်၍ ဝန်ဆောင်မှု ပေးခြင်း ယာယီ ရပ်စဲသွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာခဲ့သည်။
မိုဘိုင်းလ်ဖုန်း သုံးစွဲသူများသည် မိမိတို့အသုံးပြုလျက် ရှိသည့် SIM Card များအား သက်ဆိုင်ရာ အော်ပရေတာများနှင့် ဆက်သွယ်၍ မှတ်ပုံတင်ခြင်း ပြုလုပ်ကြရန် နှင့် စနစ်တကျ မှတ်ပုံတင်ပြီးမှသာ ပြန်လည် သုံးစွဲခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။
ယခင် မှတ်ပုံတင်ပြီး SIM Card များအနေဖြင့် လက်ရှိ သုံးစွဲသူ အမည် မှန်ကန်ခြင်း မရှိလျှင် သော်လည်းကောင်း ၊ မိမိ အမည်ဖြင့် မှတ်ပုံတင် ထားရှိသော်လည်း မိမိကိုယ်တိုင် သုံးစွဲခြင်း မရှိတော့လျှင် သော်လည်းကောင်း ၊ သက်ဆိုင်ရာ အော်ပရေတာများနှင့် ဆက်သွယ်၍ သုံးစွဲသူ အမည် နှင့် အချက်အလက်များ မှန်ကန်စွာ မှတ်ပုံတင် အသုံးပြုနိုင်ရေး ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။
အများပြည်သူ လုံခြုံရေးကို ထိရောက်စွာ အကာအကွယ် ပေးနိုင်ရန် ၊ အများပြည်သူများ အနေဖြင့် မိုဘိုင်းလ်ဖုန်း အသုံးပြု၍ Mobile Banking ၊ Mobile Money ၊ Online Shopping စသည့် ကိစ္စရပ်များ ပြုလုပ်ရာတွင် အသိအမှတ်ပြုပစ္စည်း တစ်ခု အနေဖြင့် ဆက်စပ် အသုံးပြုနိုင်ရန် ၊ SIM Card ပျက်စီး ၊ ပျောက်ဆုံးမှုများ ဖြစ်ပေါ်ပါက အလွယ်တကူ ပြန်လည် ရရှိ သုံးစွဲနိုင်ရန် မိုဘိုင်းလ်ဖုန်း သုံးစွဲသူများ၏ SIM Card များကို စနစ်တကျ မှတ်ပုံတင်၍ သုံးစွဲခြင်း စနစ်အား ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)