Sport
တောင်ကိုရီးယားကလပ် ပိုဟန်စတီးလားစ်အသင်း သည် မြန်မာ ယူ-၂၂ အသင်း နှင့် အပါအဝင် ဘောလုံးခြေစမ်းပွဲနှစ်ပွဲ ကစားမည်
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားထိပ်သီးကလပ် ပိုဟန်စတီးလားစ်အသင်း သည် မေလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ဘောလုံးခြေစမ်းခရီးစဉ် လာရောက်မည်ဖြစ်ပြီး မြန်မာ ယူ-၂၂ အသင်းနှင့်အပါအဝင် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
တောင်ကိုရီးယားကလပ် ပိုဟန်စတီးလားစ်အသင်းသည် မေ ၂၈၊ ၃၀ ရက်တွင် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ် ပြီး မေ ၂၈ ရက်တွင် မြန်မာနေရှင်နယ်လိဂ်ကလပ် ဧရာဝတီ အသင်း၊ မေ ၃၀ ရက်တွင် မြန်မာယူ-၂၂ အသင်းနှင့် ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ ယူ-၂၂ အသင်းသည် ပိုဟန်စတီးလားစ်အသင်းနှင့် ခြေစမ်းကစားမည် ဖြစ်သော်လည်း ရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တက်ရောက်သည့် ကလပ်အသင်းများမှ ကစားသမားများကို ပြန်လည်စေလွှတ်ရမည်ဖြစ်သောကြောင့် ယူ-၁၈ အသင်းမှ ကစားသမားများဖြင့် ပေါင်းစပ်ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် သည် ယင်းခြေစမ်းပွဲကို ကွင်းဝင်ကြေးအခမဲ့ သတ်မှတ်ထားပြီး ကိုရီးယားရိုးရာအက များအပါအဝင် ဖျော်ဖြေရေးအစီအစဉ်များ၊ ကံစမ်းမဲအစီအစဉ်များလည်း ပါဝင်မည် ဖြစ်သည်။ ယင်းခြေစမ်းပွဲနှစ်ပွဲ စလုံးကို ရန်ကုန်မြို့ရှိ သုဝဏ္ဏ ကွင်း၌ ညနေ ၅ နာရီတွင် စတင်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ ယူ-၂၂ အသင်းသည် ဇွန် ၇ ရက်တွင် ယှဉ်ပြိုင်ကစားမည့် ဗီယက်နမ် ယူ-၂၂ အသင်းနှင့် ခြေစမ်းပွဲအပါအဝင် ယခုခြေစမ်းပွဲအတွက် မေ ၂၁ ရက်တွင် စတင် လေ့ကျင့်မည်ဖြစ်ပြီး ကစားသမား ၂၅ ဦး ရွေးချယ်ထားကြောင်း မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။ (Xinhua)