Sport
မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင်ရှုံးနိမ့်ခဲ့သည့်အတွက် အောင်လအန်ဆန်းက ၎င်း၏ပရိသတ်အားတောင်းပန်
ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)
မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲကို ဇန်နဝါရီ(၁၄)ရက် ညပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပခဲ့ရာ One Championship ရဲ့ MMA မစ်ဒယ်ဝိတ်တန်းပြိုင်ပွဲတွင် ကိုယ်ခံပညာ လက်ဝှေ့အကျော်အမော် မြန်မာ MMA ကစားသမားအောင်လအန်ဆန်း က လက်ရှိချန်ပီယံ ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို ရှုံးနိမ့်ခဲ့သည့် အတွက် ၎င်း၏ ဖေ့ဘွတ်စာမျက်နှာတွင် ပရိသတ်များအားတောင်းပန်ကြောင်း ရေးသားခဲ့သည်။
အောင်လအန်ဆန်းက “ကျွန်တော့်ရဲ.ချစ်လှစွာသောပရိတ်ကြီးကျွန်တော်အကောင်းဆုံးကြိုးစားခဲ့ပါတယ်၊၊ မျှော်လင့်ထားသလိုမဖြစ်လာတဲ့အတွက်အားလုံးကိုတောင်းပန်ပါတယ်ဗျာ၊၊ အခုပွဲကကျွန်တော့်အတွက်အချိန်ယူပြီးပြင်ဆင်ချိန်အများကြီးမရခဲ့ပဲဒီပွဲကနေအများကြီးသင်ယူလေ့လာခဲ့ပါတယ်ဗျာ၊၊ လေ့ကျင့်မှုပြုလုပ်တဲ့အခါတွေမှာ အနည်းငယ်ပြင်ဆင်ပြောင်းလဲသွားပြီး နောက်ပွဲတွေမှာပိုမိုသန်မာစွာ
နဲ့ပြန်လာပါ့မယ်၊၊ စိုးရိမ်နေတဲ့ပရိသတ်ကြီးအတွက် ကျွန်တော်အခုအဆင်ပြေပါတယ်၊၊ ကျွန်တော့်ကိုအမြဲအားပေးနေတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ၊၊အခုပွဲကို အားလုံး
စိတ်ကျေနပ်မှုရရှိပါစေဗျာ၊၊ အားလုံးကိုချစ်တယ်’’ ဟု ၎င်း၏ဖေ့ဘွတ်စာမျက်နှာတွင်ရေးသားခဲ့သည်။
မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်သည့် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်မှာ အသက် (၃၂) နှစ်အရွယ်၊ အရပ် (၆)ပေ ရှိပြီး၊ ကြေးစားတန်းပွဲများတွင် (၉)ပွဲဆက် ရှုံးပွဲမရှိ ထိုးသတ်နိုင်ခဲ့သူဖြစ်ပြီး အောင်လအန်ဆန်းကို လက်ရည်အသာနှင့် ထိုးသတ်နိုင်ခဲ့သည့်အတွက်ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။
မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ၏ ပထမအချီတွင် နှစ်ဦးစလုံးလက်ရည်စမ်းနေသည့်အတွက် ထိရောက်သည့် ထိုးသတ်မှုများမရှိခဲ့သော်လည်း ဒုတိယအချီကစပြီး ဗစ်တာလီဘစ်ဒက်ရှ်က အသာစီးနှင့် ထိုး
သတ်နိုင်ခဲ့သည်။ ဗစ်တာလီဘစ်ဒက်ရှ်သည် ၎င်းအားသာသည့် ဘယ်လက်သီးနှင့် တံတောင်ရိုက်ချက်များကို အဓိကအသုံးပြုသွားခဲ့ပြီး အောင်လအန်ဆန်း၏ ချုပ်ကွက်များသည် ထိရောက်မှုမရှိခဲ့သည့်အတွက် ယခုကဲ့သို့ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။
ဗစ်တာလီဘစ်ဒက်ရှ်၏ တံတောင်ရိုက်ချက် ကြောင့် အောင်လအန်ဆန်းရဲ့ ဝဲဘက်မျက်လုံးအောက် ကွဲသွားခဲ့သလို ညာနဖူးလည်း ဖူးရောင်သွားခဲ့သည်။ အောင်လအန်ဆန်းမှာ (၅)ချီပြည့်ယှဉ်ပြိုင်ထိုးသတ်နိုင်ခဲ့သော်လည်း ဗစ်တာလီဘစ်ဒက်ရှ်က လက်ရည်
အသာနှင့် တောက်လျှောက်ထိုးသတ်နိုင်ခဲ့သည့်အတွက် ဒိုင်လူကြီးများက ဆုံးဖြတ်ရာတွင် ဗစ်တာလီဘစ်ဒက်ရှ်ကို အမှတ်ဖြင့် အနိုင်ပေးခဲ့သည်။အောင်လအန်ဆန်းမှာ ကစားသမားဘဝတွင် (၁ဝ)ကြိမ်မြောက် ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ (Xinhua)