Sport
မြန်မာ Pool ကစားသမား ဘုန်းမြင့် ကျော် (ခ) အားတီ တရုတ်နိုင်ငံ၌ နိုဝင်ဘာလအထိ ကျင်းပမည့် Elite Tour 2020 8 Ball ပြိုင်ပွဲအားဝင်ရောက်ယှဉ်ပြိုင်မည်
ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
မြန်မာ Pool ကစားသမား ဘုန်းမြင့် ကျော် (ခ) အားတီ သည် တရုတ်နိုင်ငံ၌ နိုဝင်ဘာလအထိ ကျင်းပမည့် Elite Tour 2020 8 Ball ပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကိုအားတီက ဆင်ဟွာကို ဇွန်၂၇ ရက်တွင်ပြောသည်။
ယင်းပြိုင်ပွဲကို ဇွန်လမှ နိုဝင် ဘာလအထိ ကျင်းပမည်ဖြစ်ပြီး နောက်ဆုံးအဆင့်မတိုင်မီ ပြိုင်ပွဲ လေးခုကျင်းပကာ ပြိုင်ပွဲတစ်ခုစီမှ အဆင့်သတ်မှတ်ချက်မြင့်မားသူများမှာ နောက်ဆုံးအဆင့်သို့ တက်ရောက် ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
ဘုန်းမြင့်ကျော် ဝင်ရောက်ယှဉ်ပြိုင်မည့် ဇုန်ပြိုင်ပွဲကို ယနေ့ ဇွန် ၂၇ ရက်မှ ဇူလိုင် ၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အခြားဇုန်ပြိုင်ပွဲ များကိုမူ ဇူလိုင် ၂၅ ရက်မှ ၂၉ ရက်၊ သြဂုတ် ၂၅ ရက်မှ ၂၉ ရက်၊ စက်တင်ဘာ ၂၅ ရက်မှ ၂၉ ရက်တို့တွင် ကျင်းပမည်ဖြစ်ကြောင်း၊ နောက်ဆုံး အဆင့်ပြိုင်ပွဲကို နိုဝင်ဘာ ၈ ရက်မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ကိုအားတီက “ဇုန်အလိုက်ပြိုင်ပွဲတွေမှာ ချန်ပီယံ ဆုရရှိသူတွေကို မြန်မာငွေကျပ်သိန်း ၂၀၀ နဲ့ ညီမျှတဲ့ တရုတ်ယွမ်ငွေရရှိမှာဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမှာပါ’’ ဟု ၎င်း၏ facebook Messenger မှဖြေကြားခဲ့သည်။
ဘုန်းမြင့်ကျော်သည် ဇူလိုင်လ လယ်တွင် ယှဉ်ပြိုင်ရမည့် Chinese 8 Ball ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲမတိုင်မီ ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခြင်းဖြစ်ကြောင်းသိရသည်။ ဘုန်းမြင့်ကျော် (ခ) အားတီဝင်ရောက်ယှဉ်ပြိုင်နေသည့် Chinese 8 Ball ပြိုင်ပွဲ ပထမအဆင့် အုပ်စုပွဲ များမှာ ဇွန် ၂၁ ရက်က ပြီးဆုံးခဲ့ပြီး ၎င်းသည် ခြောက်ပွဲနိုင်၊ တစ်ပွဲရှုံး၊ ရမှတ် ၄၁,၈၀၀ ဖြင့် အုပ်စု ပထမ ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ခဲ့ကြောင်း သိရသည်။ (Xinhua)