Connect with us

News

ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါကျေးရွာ၌ မီးလောင်ကျွမ်းမှုကြောင့် အဆောက်အဦ (၆၃)လုံး မီးဘေးသင့်

ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါကျေးရွာတွင် မီးလောင်ကျွမ်းနေသော မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ- U Marphang Sar Aung)

ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)
ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါကျေးရွာတွင် အဆောက်အဦ (၆၃)လုံး မီးကူးစက်လောင်ကျွမ်းခဲ့ပြီး လူဦးရေ (၃၀၃)ဦးခန့် မီးဘေးသင့်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါကျေးရွာကို မီးလောင်ကျွမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ–U Marphang Sar Aung)

ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါကျေးရွာကို တွေ့ရစဉ် (ဓာတ်ပုံ–U Marphang Sar Aung)

အဆိုပါ မီးလောင်မှုမှာ ယနေ့ နံနက် ၁ နာရီခန့်က စတင်ဖြစ်ပွားခဲ့ပြီး ဘာသာရေး အဆောက်အဦနှင့် လူနေအိမ်အဆောက်အဦများကို မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ မီးလောင်ကျွမ်းမှုကြောင့် ဘာသာရေးအဆောက်အဦ ဘုရားကျောင်းတစ်လုံး၊ ဓမ္မဆရာနေအိမ်တစ်လုံး၊ ကျောင်းဆရာ/ဆရာမနေအိမ်နှစ်လုံးနှင့် အခြား လူနေအိမ်အဆောက်အဦ (၅၉)လုံး စုစုပေါင်း အဆောက်အဦ (၆၃)လုံး မီးကူးစက်လောင်ကျွမ်းခဲ့ပြီး အမျိုးသား (၁၄၉)ဦး၊ အမျိုးသမီး (၁၅၄)ဦး စုစုပေါင်း (၃၀၃)ဦး မီးဘေးသင့်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ချန်ရမေ(Chang Ramay) တည်းခိုခန်းပိုင်ရှင် ဦးမာဖန်းဆာအောင်က “အရမ်းချမ်းတော့ မီးလှုံတဲ့မီးကနေ မီးလောင်ကျွမ်းခဲ့တာပါ။ ရှိန်းခေါကျေးရွာလေးက ရေခဲတောင်ပေါ်ကရွာလေးပါ။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၉,၀၀၀ ကျော်ရှိတဲ့ ရွာလေးဆိုတော့ စမ်းရေနဲ့ပဲ မီးငြှိမ်းခဲ့ရတာပါ။ အိမ်လေးတွေကို ထင်းရှူးသားနဲ့ ဆောက်ထားလို့ မီးလောင်တာ ပိုမြန်တာပါ။ အိမ်ခြေ ၃၀၀ နီးပါးရှိပါတယ်။ ရွာလယ်မှာ မီးလောင်သွားတာပေါ့” ဟု ဆင်ဟွာသို့ ယနေ့ပြောသည်။

မီးလောင်ရာသို့ နယ်မြေခံတပ်မတော်သားများ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့မှုကြောင့် နံနက် ၅ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးဘေးသင့်ပြည်သူများအား တပ်လိုင်းခန်း၊ ဆေးပေးခန်းနှင့် ဘုရားကျောင်းတို့တွင် ယာယီနေရာချထားပေးကာ စားသောက်ရေးအတွက် ဆန်၊ ဆီ၊ ဆားများ ထောက်ပံ့ပေးလျက်ရှိကြောင်းနှင့် ခေါင်လန်ဖူးမြို့နယ်မှလည်း မီးဘေးသင့်ပြည်သူများအား ထောက်ပံ့နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် ရောင်းချရန် နေအိမ်များတွင် သိုလှောင်ထားရှိသည့် ဒေသထွက် ရှာကောပါကော ပိဿာချိန်ပေါင်း (၃၅၉,၀၂၆)ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

“ကျွန်တော်တို့ကျေးရွာလေးက တရုတ်နယ်စပ်မှာရှိတော့ ရှာကောပါကောတွေကို တရုတ်နိုင်ငံဘက်ကို သွားရောင်းပါတယ်။ နောက်ပြီးတော့ ရေခဲတောင်ကို လာလည်ကြတဲ့သူတွေနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်ကြပါတယ်။ ရာသီကတော့ မိုးနဲ့ဆောင်း နှစ်မျိုးပဲရှိပါတယ်။ ဒီမီးလောင်မှုကြောင့် လူသေဆုံးတာ မရှိပါဘူး” ဟု ဦးမာဖန်းဆာအောင်က ဖြည့်စွက်ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.