Connect with us

Sino-Myanmar

တရုတ်-မြန်မာနယ်စပ်ဒေသ ငှက်ဖျားရောဂါတိုက်ဖျက်ရေး နှစ်နိုင်ငံ ကျန်းမာရေးဌာနများ နှင့် ပညာရှင်များ ဆွေးနွေး

ဆဋ္ဌမအကြိမ်မြောက် တရုတ်-မြန်မာနယ်စပ်ဒေသ ငှက်ဖျားရောဂါတိုက်ဖျက်ရေး အစည်းအဝေးအား ဇွန် ၁၅ ရက်တွင် ဗီဒီယိုစနစ်ဖြင့်ကျင်းပစဉ်(ဓာတ်ပုံ - Chinese Embassy in Myanmar )

ရန်ကုန် ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

ဆဋ္ဌမအကြိမ်မြောက် တရုတ်-မြန်မာနယ်စပ်ဒေသ ငှက်ဖျားရောဂါတိုက်ဖျက်ရေး အစည်းအဝေးကို ဇွန် ၁၅ ရက်တွင် ဗီဒီယိုစနစ်ဖြင့်ကျင်းပခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu နှင့် နှစ်နိုင်ငံ ကျန်းမာရေးဌာနများ နှင့် ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ယနေ့ ဇွန် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဆဋ္ဌမအကြိမ်မြောက် တရုတ်-မြန်မာနယ်စပ်ဒေသ ငှက်ဖျားရောဂါတိုက်ဖျက်ရေး အစည်းအဝေးအား ဇွန် ၁၅ ရက်တွင် ဗီဒီယိုစနစ်ဖြင့်ကျင်းပစဉ်(ဓာတ်ပုံ – Chinese Embassy in Myanmar )

သံမှူး Mr. Tan Shufu က အမှာစကားပြောကြားရာတွင် တရုတ်-မြန်မာနှစ်နိုင်ငံသည် နယ်စပ်ကီလိုမီတာ ၂၀၀၀ ကျော်ပိုင်ဆိုင်ထားပြီး တောတောင်ရေမြေချင်းဆက်စပ်ကာ အေးအတူပူအမျှသည့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် လူသားကျန်းမာရေးအသိုက်အဝန်း အတူတကွတည်ဆောက်သည့် သဘောတရားအား လက်ကိုင်စွဲ၍ ကျန်းမာရေးကဏ္ဍအား အမြဲတစေ တရုတ်-မြန်မာဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု၏ အဓိကအချက်အဖြစ်ထားရှိကြောင်း ၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားလာကတည်းက တရုတ်နိုင်ငံအစိုးရနှင့် နယ်ပယ်အသီးသီးက မြန်မာနိုင်ငံသို့ Vaccine စသည့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းအများအပြား လှူဒါန်းခဲ့ပြီး မြန်မာဘက်မှ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရန် ထိရောက်စွာကူညီပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံကလည်း အခက်အခဲများကိုကျော်ဖြတ်၍ တရုတ်နိုင်ငံအကူအညီဖြင့်တည်ဆောက်သည့် မြန်မာနိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးဗဟိုဌာန (CDC) နှင့် ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ရေးစီမံကိန်း တည်ဆောက်မှုကို ဆက်လက်ဖော်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ်တွင် တရုတ်-မြန်မာနှစ်နိုင်ငံမှပညာရှင်များက တရုတ်-မြန်မာနယ်စပ်ဒေသ ငှက်ဖျားရောဂါ ကာကွယ်ကုသရေးကူညီမှုစီမံကိန်းများ ဖြစ်နိုင်ခြေလေ့လာမှုနှင့်စပ်လျဉ်း၍ နက်ရှိုင်းစွာဆွေးနွေးခဲ့ကြကြောင်း၊ သက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုက နှစ်နိုင်ငံပြည်သူများကို အကျိုးစီးပွားခံစားရရှိစေပြီး တစ်ကမ္ဘာလုံး ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းအတွက် အကျိုးထမ်းဆောင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက မြန်မာနိုင်ငံဖော်ဆောင်လျက်ရှိသည့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးအစီအစဉ်သည် ရလဒ်တွေ့မြင်နေရပြီဖြစ်ပြီး မြန်မာနိုင်ငံပြည်တွင်း ငှက်ဖျားရောဂါကူးစက်ခံရသူဦးရေ သိသိသာသာ ကျဆင်းလာပြီဖြစ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ အထူးသဖြင့် မြန်မာ-တရုတ်နယ်စပ်ဒေသတစ်လျှောက်တွင် ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို တစ်ဆင့်တိုးဖော်ဆောင်ရန်လိုအပ်ကြောင်း၊ လတ်တလောနှစ်ပိုင်းတွင် မြန်မာ-တရုတ်နှစ်နိုင်ငံက ငှက်ဖျားရောဂါတိုက်ဖျက်ရေးကဏ္ဍတွင် ကြိမ်ဖန်များစွာထိရောက်သည့်ကူးလူးဖလှယ်မှု လုပ်ဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါတည်ငြိမ်သွားပြီးနောက် ပထမဆုံးအချိန်တွင် ဤစီမံကိန်း၏ဖြစ်နိုင်ခြေလေ့လာမှုကိုဖော်ဆောင်ခြင်းအတွက် မြန်မာနိုင်ငံမှကျေးဇူးတင်ရှိကြောင်း ၊ တရုတ်နိုင်ငံနှင့်အတူ နယ်စပ်ဒေသ ငှက်ဖျားရောဂါကာကွယ်ကုသရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်၍ နှစ်နိုင်ငံပြည်သူများ ကျန်းမာရေးအကျိုးစီးပွားကို အတူတကွကာကွယ်ထိန်းသိမ်းရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

နှစ်ဦးနှစ်ဖက်မှ ကျန်းမာရေးဌာနများက မြန်မာနိုင်ငံ ငှက်ဖျားရောဂါတိုက်ဖျက်ရေး တိုးတက်မှုအခြေအနေနှင့်စပ်လျဉ်း၍ ချိတ်ဆက်ခဲ့ကာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၏ ငှက်ဖျားရောဂါတိုက်ဖျက်ရေးလိုအပ်ချက်၊ တရုတ်နိုင်ငံယူနန်ပြည်နယ် ငှက်ဖျားရောဂါတိုက်ဖျက်ရေးအတွေ့အကြုံနှင့် ပြည်ပမှဝင်ရောက်လာသော ငှက်ဖျားရောဂါအမျိုးအစား ကာကွယ်ထိန်းချုပ်ရေးအခြေအနေ စသည်တို့နှင်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။ နှစ်ဦးနှစ်ဖက်မှပညာရှင်များကလည်း တရုတ်-မြန်မာနယ်စပ်ဒေသ ငှက်ဖျားရောဂါကာကွယ်ကုသရေးကူညီမှုစီမံကိန်း ဖြစ်နိုင်ခြေနှင့်စပ်လျဉ်း၍လည်း ရှုထောင့်ပေါင်းစုံမှဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဦးစီးဌာန၊ ယူနန်ပြည်နယ် ကျန်းမာရေးကော်မရှင် ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဦးစီးဌာန၊ တရုတ်နိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးစင်တာ ကပ်ပါးရောဂါကာကွယ်ထိန်းချုပ်ရေးဌာန တာဝန်ခံတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)