Connect with us

Politics

တရုတ်နိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong မြန်မာနိုင်ငံသို့ခရီးစဉ်လာရောက်

ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်မှ ၅ ရက်အထိ မြန်မာနိုင်ငံသို့ခရီးစဉ်လာရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ နိုဝင်ဘာ ၆ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံသို့ လာရောက်နေစဉ်အတွင်း Mr. Nong Rong သည် မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါလှုပ်ရှားမှုများသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai တက်ရောက်ခဲ့ကြောင်း သိရသည်။

Mr. Nong Rong က တရုတ်နိုင်ငံသည် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းဆက်ဆံရေးတိုးတက်မှုကို အလွန်အလေးထားပါကြောင်း၊ ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်းဟူသည့် အိမ်နီးချင်းနိုင်ငံခြားရေးအယူအဆကို လက်ကိုင်စွဲကာ မြန်မာနိုင်ငံနှင့်အတူ သမ္မတ ရှီကျင့်ဖိန်၏ ၂၀၂၀ ပြည့်နှစ် သမိုင်းဝင်မြန်မာနိုင်ငံခရီးစဉ်ရလဒ်များကို အတူတကွကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ “Belt and Road” ပူးပေါင်းဆောင်ရွက်မှုများကို အရည်အသွေးမြင့်ဖော်ဆောင်ကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်မှု နက်ရှိုင်းလာစေရန် တွန်းအားပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Mr. Nong Rong က တရုတ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံက ဆောလျင်စွာတည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်လာရန် မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံဘက်အသီးသီးက အခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အောက်တွင် သဘောထားကွဲလွဲမှုများအား ဖြေရှင်း၍ တွေ့ဆုံဆွေးနွေးမှုဖြင့် ပြန်လည်သင့်မြတ်ရေးဖော်ဆောင်ရန် အားပေးပါကြောင်း၊ မြန်မာနိုင်ငံက တရုတ်နိုင်ငံနှင့်အတူ နယ်စပ်တည်ငြိမ်အေးချမ်းမှုကို ကာကွယ်ထိန်းသိမ်း၍ တရုတ်ဘက် နယ်စပ်ပြည်သူများ တစ်ကိုယ်ရေနှင့် စည်းစိမ်ဥစ္စာဘေးကင်းလုံခြုံမှုကို အာမခံပေးစေလိုပါကြောင်း၊ ထိရောက်သောအစီအမံများဖော်ဆောင်၍ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများ၊ အဖွဲ့အစည်းနှင့် စီမံကိန်းများလုံခြုံမှုကို မြှင့်တင်စေလိုပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ပူးပေါင်း၍ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှု စသည့်နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများကို ဆက်လက်တိုက်ဖျက်သွားလိုပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဘက်က တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထပ်မံအလေးထားပြောကြားခဲ့၍ တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားနှင့်စပ်လျဉ်းသည့်ကိစ္စများတွင် တရုတ်နိုင်ငံ၏ သဘောထားကို ခိုင်မာစွာထောက်ခံပါကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံမှုအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံများကို လက်တွေ့ဖော်ဆောင်ကာ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်သွားလိုကြောင်း၊ မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများနှင့်ဝန်ထမ်းများ ဘေးကင်းလုံခြုံမှုကို လက်တွေ့ကျကျ စောင့်ရှောက်ကာကွယ်ပေးကာ မြန်မာ-တရုတ်နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းသွားလိုကြောင်း၊ မြန်မာနိုင်ငံသည် တရုတ် စသည့်အိမ်နီးချင်းနိုင်ငံများနှင့်အတူ အွန်လိုင်းလောင်းကစား ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ပူးတွဲတရားဥပဒေစိုးမိုးမှု လှုပ်ရှားမှုများကို ဆက်လက်ဖော်ဆောင်၍ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်သောပတ်ဝန်းကျင် ဖန်တီးပေးမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ခရီးစဉ်အတွင်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong သည် တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စသည့် တရုတ်-မြန်မာအတူတည်ဆောက်သော “Belt and Road” အရေးပါစီမံကိန်းများကိုလည်း သွားရောက်လေ့လာခဲ့ပြီး မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.