Politics
တရုတ် နိုင်ငံရှိ ခေတ်မီ အဆင့်မြင့် တက္ကသိုလ်များတွင် သွားရောက် ပညာသင်ယူ နိုင်သော အခွင့်အလမ်း ရရှိမည့် တရုတ် နိုင်ငံ အဆင့်မြင့် ပညာရေး ပြပွဲ ရန်ကုန်မြို့တွင် ကျင်းပ

ရန်ကုန် ၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ တက္ကသိုလ် များမှ လာရောက် ခင်းကျင်းပြသ သည့် စတုတ္ထ အကြိမ်မြောက် တရုတ် နိုင်ငံ အဆင့်မြင့် ပညာရေး ပြပွဲ အား နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းချိန်တွင် ရန်ကုန်မြို့ရှိ Summit Parkview ဟိုတယ်တွင် ကျင်းပ ပြုလုပ် ခဲ့သည်။
အခမ်းအနား သို့ ပြပွဲ လာရောက် ခင်းကျင်းပြသ သည့် တရုတ် နိုင်ငံ တက္ကသိုလ် အသီးသီး မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ရန်ကုန်မြို့ရှိ တက္ကသိုလ် များမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို) အလုပ်အမှုဆောင် ဦးစိန်ညွန့် ၊ ဖူချင့်ကွန်ဖြူးရှပ်စင်တာ (FITC) ကျောင်းအုပ်ကြီး ဒေါက်တာ ထွန်းနိုင် (Mr.Li Zuqing) နှင့် ကျောင်းသား/သူ ပေါင်း ၁၀၀ ခန့် တက်ရောက် ခဲ့ကြသည်။
အခမ်းအနားတွင် ဦးစိန်ညွန့် က ချစ်ကြည်ရေး အသင်း အနေဖြင့် နှစ်နိုင်ငံ အစိုးရ ၏ သဘောတူညီမှု အရ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် မြန်မာ နိုင်ငံ ရှိ ကျောင်းသား/သူ ၂၀၀ ဦးအား တရုတ် နိုင်ငံရှိ ကျောင်း ၁၀ ကျောင်းသို့ အသက်မွေးဝမ်းကြောင်း ပညာ သင်ယူရန် ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင်လည်း ကျောင်းအချင်းချင်း ဆက်သွယ် ညှိနှိုင်းမှု အရ ကျောင်းတစ်ကျောင်း မှ ကျောင်းသား/သူ ၁၀ ဦး မှ ၂၀ ဦး ကို တရုတ် နိုင်ငံ သို့ သွားရောက် ပညာသင်ယူ နိုင်ရန် ဆောင်ရွက်နေကြောင်း ၊ တရုတ် နိုင်ငံ ရှိ ကျောင်းများသည် အခြေခံအဆောက်အအုံ ပြည့်စုံမှု ရှိပြီး သင်ထောက်ကူပြု ပစ္စည်းများမှာလည်း လွန်စွာ အဆင့်မြင့် ခေတ်မီကြောင်း ၊ ကျောင်းသား/သူ များအနေဖြင့် တရုတ် နိုင်ငံ သို့သွားရောက် ပညာသင်ယူနေစဉ် အတွင်း အသက်မွေးဝမ်းကြောင်း ပညာရပ် အပြင် တရုတ် ဘာသာစကား ကိုပါ လေ့လာတက်မြောက်နိုင်သည့် အတွက် အသက်မွေးဝမ်းကြောင်း ပညာရပ် နှစ်ခု ရရှိမည် ဖြစ်ကြောင်း ၊ ယခု လာရောက်ကျင်းပ သည့် ပြပွဲ မှ တစ်ဆင့် တရုတ် နိုင်ငံရှိ ခေတ်မီ အဆင့်မြင့် တက္ကသိုလ်များတွင် သွားရောက် ပညာသင်ယူ နိုင်မည့် အခွင့်အလမ်းများကို ရရှိနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
စတုတ္ထ အကြိမ်မြောက် တရုတ် နိုင်ငံ အဆင့်မြင့် ပညာရေး ပြပွဲ အခမ်းအနား မြင်ကွင်း အား တွေ့ရစဉ် (ဆင်ဟွာ)
စတုတ္ထ အကြိမ်မြောက် တရုတ် နိုင်ငံ အဆင့်မြင့် ပညာရေး ပြပွဲ အခမ်းအနား မြင်ကွင်း အား တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို) အလုပ်အမှုဆောင် ဦးစိန်ညွန့် က နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)
ဖူချင့်ကွန်ဖြူးရှပ်စင်တာ (FITC) ကျောင်းအုပ်ကြီး ဒေါက်တာ ထွန်းနိုင် က နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)
Shang Hai Ocean University နိုင်ငံတကာ ဆက်ဆံရေး ဌာန ကျောင်းသား ခေါ်ယူလက်ခံရေး တာဝန်ခံ ချိုင့်လိ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)
ဖူချင့်ကွန်ဖြူးရှပ်စင်တာ (FITC) ကျောင်းအုပ်ကြီး ဒေါက်တာ ထွန်းနိုင် က လက်ရှိချိန်တွင် တရုတ်ဘာသာ စကား သည် နိုင်ငံတကာ တွင် အသုံးပြုနေသော အလွန်အရေးပါသည့် ဘာသာစကား တစ်ခု ဖြစ်တည်လာခဲ့ကြောင်း ၊ တရုတ် ဘာသာစကား တတ်မြောက်ထားခြင်း အားဖြင့် တရုတ် နိုင်ငံ တွင် ပါရဂူဘွဲ့ ရရှိသည့် အထိ လေ့လာသင်ယူနိုင်ကြောင်း ၊ တရုတ် နိုင်ငံ မှ ပေးအပ်သည့် ပညာသင်ထောက်ပံ့ကြေး သည် လွန်စွာ များပြားပြီး နိုင်ငံတကာ တွင် အများဆုံး ပေးအပ်သည့် ပညာသင်ထောက်ပံ့ကြေး ဟု ပြောရလျင်ပင် မမှားနိုင်ကြောင်း ၊ ကျောင်းသား/သူ များအနေဖြင့် တရုတ်ဘာသာ စကားကို လေ့လာသင်ယူခြင်း အားဖြင့် ကောင်းမွန်သည့် အလုပ်အကိုင် အခွင့်အလမ်း များကို ရရှိစေမည် ဖြစ်ပြီး ပိုမို မြင့်မားသည့် ဝင်ငွေများကိုလည်း ရရှိစေနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ထို့နောက်တွင် စတုတ္ထ အကြိမ်မြောက် တရုတ် နိုင်ငံ အဆင့်မြင့် ပညာရေး ပြပွဲ သို့ လာရောက် ခင်းကျင်း ပြသ ခဲ့ကြသည့် တက္ကသိုလ် အသီးသီး မှ တာဝန်ရှိသူများ က မိမိ တို့၏ ကျောင်းနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြမှု များကို ပြုလုပ်ပေးခဲ့ကြပြီး ပညာသင် ထောက်ပံ့ကြေး ရရှိနိုင်မည့် အခွင့်အလှမ်း များနှင့် ကျောင်းတက်ရောက်နိုင်မည့် အခွင့်အလမ်းများကို ရှင်းလင်းတင်ပြ ခဲ့ကြသည်။
Shang Hai Ocean University နိုင်ငံတကာ ဆက်ဆံရေး ဌာန ကျောင်းသား ခေါ်ယူလက်ခံရေး တာဝန်ခံ ချိုင့်လိ (Ms.Cai Li) က ဆင်ဟွာသတင်းဌာန ၏ တွေ့ဆုံမေးမြန်းမှု ကို ဖြေကြား ခဲ့ရာတွင် မြန်မာ နိုင်ငံ ရှိ ကျောင်းသား/သူ များအနေဖြင့် မိမိ တို့၏ သက်ဆိုင်ရာ ဘာသာရပ်များမှ ဘွဲ့ရရှိပြီးနောက်တွင် မဟာဘွဲ့ နှင့် ပါရဂူဘွဲ့ များကို Shang Hai Ocean University တွင် ဆက်လက်၍ လာရောက်လေ့လာ သင်ယူ နိုင်ကြောင်း ၊ ထူးချွန်ကျောင်းသား/သူ များအနေဖြင့် ပညာသင်ထောက်ပံ့ကြေးများကို လျှောက်ထားနိုင်ပြီး မဟာဘွဲ့ နှင့် အထက် ပညာအရည်အချင်း ရှိသူများ အနေဖြင့် အလုံးစုံ ပညာသင် ထောက်ပံ့ကြေး ကို လျှောက်ထား နိုင်ကြောင်း ၊ ပညာသင် ထောက်ပံ့ကြေး လျှောက်ထား ရာတွင် တရုတ် ဘာသာစကား ကျွမ်းကျင်မှု သည် အရေးပါသည့် အချက် တစ်ချက် ဖြစ်ပြီး တရုတ် ဘာသာစကား မတတ်မြောက်ထားသူ များအနေဖြင့် လည်း လျှောက်တင်နိုင်ကာ ပထမ နှစ်တွင် တရုတ်ဘာသာ စကား တတ်မြောက်အောင် သင်ကြားပေးမည် ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် Shang Hai Ocean University အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး လမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံများတွင် အဆင့်မြင့် ပညာရပ် သင်တန်း ပို့ချမှု စီမံကိန်းများ ဆောင်ရွက်နေပြီး မြန်မာ နိုင်ငံ ရှိ ပညာရှင်များ နှင့် သုတေသန ပြုသူများအနေဖြင့် ပူးပေါင်း ပါဝင်ကြရန် ဖိတ်ခေါ်ကြောင်း ပြောကြား ခဲ့သည်။
ပြပွဲ သို့ တရုတ် နိုင်ငံ မှ တက္ကသိုလ်များ ဖြစ်ကြသည့် Huaqiao University ၊ Tianjin University of Traditional Chinese Medicine ၊ Shanghai Ocean University ၊ Donghua University ၊ Shanghai University ၊ Beihua University ၊ Yunnan University နှင့် Shanghai Lixin College of Accounting and Finance တို့မှ လာရောက် ခင်းကျင်း ပြသခဲ့ကြ ပြီး စတုတ္ထ အကြိမ်မြောက် တရုတ် နိုင်ငံ အဆင့်မြင့် ပညာရေး ပြပွဲ အား ဖူချင့်ကွန်ဖြူးရှပ်စင်တာ (FITC) မှ ကြီးမှူး ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ ရှန်ဟိုင်း နိုင်ငံတကာ ဘာသာစကား စင်တာ နှင့် ရန်ကုန် နိုဘယ်လ် ဘာသာစကားစင်တာ (NOBLE) တို့မှ ပူးတွဲ ကျင်းပ ပြုလုပ် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရသည်။ (Xinhua)