Connect with us

Politics

ကျောက်ဖြူဆိပ်ကမ်းသည် တရုတ်-မြန်မာ BRI ပူးပေါင်းဆောင်ရွက်မှု၏ စံပြစီမံကိန်းဖြစ်လာမည်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ တွင် ဆိုင်ကယ်စီးနင်းသွားလာနေသူ နှစ်ဦးအားတွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ အနောက်ပိုင်း ဘင်္ဂလားပင်လယ်အော်တွင် တည်ရှိသော ရခိုင်ပြည်နယ် ကျော်ဖြူမြို့တွင် အနက် ၂၅ မီတာရှိသော ဆိပ်ကမ်းတစ်ခုသည် ငြိမ်သက်စွာ တည်လျက်ရှိသည်။ 

အဆိုပါ ရေနက်ဆိပ်ကမ်းကြီးသည် အလွန်တရာလှပသော သဘာဝအနေအထားများဖြင့် ဝန်းရံထားပြီး ရပ်ဝန်းနှင့်ပိုးလမ်းမ ဖော်ဆောင်မှု မူဘောင်အောက်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံစလုံးအတွက် အပြန်အလှန်အကျိုးပြုမည့် နောက်ထပ် စီမံကိန်းကြီးတစ်ခုပင်ဖြစ်သည်။တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ ဇန်နဝါရီ ၁၇ ရက် မှ ၁၈ ရက်အထိ မြန်မာနိုင်ငံသို့သွားရောက်လည်ပတ်ခဲ့သော နိုင်ငံတော်အလည်အပတ်ခရီးစဉ်အတွင်း နှစ်နိုင်ငံသည် BRI ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်သွားရန် နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်(SEZ) တည်ဆောက်ရေးရှေ့ဆက်ရန်အတွက် ကြိုးပမ်းအားထုတ်သွားရန် သဘောတူညီခဲ့ကြကြောင်း ဇန်နဝါရီ ၁၈ ရက်က နှစ်နိုင်ငံပူးတွဲထုတ်ပြန်သော ကြေညာချက်တစ်စောင် အရသိရသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ပညာသင်ကြားနေသော ကလေးငယ်များအား ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

စီမံကိန်းအစီအစဉ်ချမှတ်ခြင်း

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံအစိုးရသည် ပြည်တွင်းစီးပွားရေး နှင့် လူမှုဘဝမြှင့်တင်ရန် စတင်အကောင်အထည်ဖော်မှု ကြိုးပမ်းချက်တစ်ခုအနေဖြင့် နိုင်ငံ၏ အထူးစီးပွားရေးဇုန် စီမံကိန်း သုံးခုထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရန် ကမာ္ဘတစ်လွှာရှိ တင်ဒါဆွဲသူများအား ဖိတ်ခေါ်ခဲ့သည်။ အဆိုပါ စီမံကိန်းအစီအစဉ်ထဲတွင် ရေနက်ဆိပ်ကမ်းတစ်ခုတည်ဆောက်ရန် နှင့် အနီးအနားတွင် စက်မှုဇုန်ကြီးတစ်ခု တည်ဆောက်ရန်လည်းပါဝင်ခဲ့သည်။

၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံ China International Trust and Investment Corporation (CITIC) က ဦးဆောင်ကာ ကုမ္ပဏီ ၆ ခုပါဝင်သော လုပ်ငန်းစုကြီးသည် ကျောက်ဖြူအထူးစီးပွားရေးဇုန်တင်ဒါအောင်မြင်ခဲ့သည်။ အကြိတ်အနယ်ညှိနှိုင်းဆွေးနွေးပြီးနောက် သုံးနှစ်အကြာတွင် CITIC ဦးဆောင်သော လုပ်ငန်းစုကြီးသည် စီမံကိန်းနှင့်ပတ်သက်၍ မြန်မာအစိုးရနှင့် မူဘောင်တစ်ခုကို သဘောတူညီခဲ့ကြသည်။

ရေနက်ဆိပ်ကမ်းတည်ဆောက်မှုကို အပိုင်း လေးခုခွဲထားခဲ့ကြောင်း ICTIC အုပ်စု အရ သိရသည်။ ပထမအဆင့်တည်ဆောက်မှုတွင် အပိုင်းနှစ်ခုခွဲထားပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာအမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ ဖြစ်သည်။ စီးပွားရေး နှင့်လူမှုရေး ဆိုင်ရာ သက်ရောက်မှု ဆန်းစစ်လေ့လာချက်( ESIA) လုပ်ဆောင်ပြီးနောက် မကြာမီတွင် ဆိပ်ကမ်း တည်ဆောက်ရေးစတင်ခဲ့သည်။

သဘောတူညီချက်သစ်နှင့်အတူ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းသည် အရှိန်အဟုန်ဖြင့် စတင်ခဲ့ပြီး စီမံကိန်းကြီးက ကျောက်ဖြူမြို့ ၏ စီးပွားရေးအခင်းအကျင်း အဆက်မပြတ် ပြောင်းလဲတိုးတက်လာရန် မျှော်လင့်ချက် မြှင့်တင်ပေးနိုင်ကြောင်း နှင့် မြန်မာပြည်သူများအတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု နှင့် အကျိုးစီးပွားဖြစ်ထွန်းမှု လုပ်ဆောင်ချက်များအတွက်  လတ်ဆတ်သော အားအင်များဖြစ်စေကြောင်း ဆိုသည်။ CITIC လုပ်ငန်းစုကြီးက ဆင်ဟွာသတင်းဌာနသို့ပြောကြားရာတွင် ဆိပ်ကမ်း နှင့် စက်မှုဇုန် နှစ်ခုပေါင်းသည် ဒေသခံများအတွက် နှစ်စဉ် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၀၀,၀၀၀ ကျော်ဖန်တီးပေးနိုင်လိမ့်မည်ဖြစ်ကြောင်း နှင့် လုပ်ကိုင်ခွင့် သက်တမ်းနှစ် ၅၀ ကာလ အတွင်း အခွန်ကောက်ခံရငွေ အမေရိကန်ဒေါ် ၁၅ ဘီလီယံ ရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ပညာသင်ကြားနေသော ကလေးငယ်များအား ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

BRI WIN-WIN 

တရုတ်နိုင်ငံက ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်(BRI) ပထမဆုံး စတင်ခဲ့ပြီးနောက် ၆ နှစ်ကျော်အကြာတွင် အာရှ မှ ဥရောပ ၊ အာဖရိက နှင့် အခြားဒေသများအထိ ကုန်သွယ်ရေး နှင့် အခြေခံအဆောက်အဦ ကွန်ရက်ချိတ်ဆက်မှုတစ်ခုတည်ဆောက်ရန် အရေးကြီးသော လုပ်ငန်းတစ်ခုကို ဆောင်ရွက်ခဲ့ပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် BRI စီမံကိန်းများ အကောင်အထည်ဖော်မှုစာရင်းထဲတွင် တွဲလျက်ပါဝင်နေသည့် စီမံကိန်းတစ်ခု ဖြစ်လာသည်။

အမှန်စင်စစ် ဆိပ်ကမ်းကြီးသည် အင်္ဂလိပ် အက္ခရာ“ Y ”သဏ္ဍာန်ရှိပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ဆုံချက်အမှတ်နေရာ တစ်ခုဖြစ်ရုံမျှ သာမက BRI ပူးပေါင်းဆောင်ရွက်မှု၏ ကမာ္ဘလုံးဆိုင်ရာအမှတ်သညာ win-win ပုံစံတွင် အဓိကသော့ချက် စီမံကိန်းကြီးတစ်ခုလည်း ဖြစ်လို့နေသည်။ဘက်စုံသုံး ကွန်တိန်နာဆိပ်ကမ်းကြီး ပြီးစီးသွားချိန်တွင် ပို့ဆောင်ဆက်သွယ်ရေး နှင့် ကုန်စည်တင်ပို့မှု  ၊ နိုင်ငံအချင်းချင်းကြားချိတ်ဆက်ဆောင်ရွက်ရေး မြှင့်တင်မှု နှင့် ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တို့ကို တွန်းအားပေးရန် မျှော်လင့်ထားသည်။အဆိုပါ ရေနက်ဆိပ်ကမ်းကြီးသည် တရုတ် ၊ မြန်မာ နှင့် အခြားနိုင်ငံများ၏ ကုန်သွယ်ရေးအတွက် ကူညီထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း နှင့် ဒေသတွင်းစီးပွားရေး တိုးချဲ့ဆောင်ရွက်ရေး အရှိန်အဟုန်မြှင့်တင်ရာတွင် အလွန်အရေးပါသော အခန်းကဏ္ဍတစ်ခုမှ ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

“ ကျောက်ဖြူစီမံကိန်းနဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေး နဲ့အတူ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှု အခွင့်အလမ်းသစ်များစွာ ရရှိနိုင်ပါတယ်၊ အဲဒါက win-win လုပ်ငန်းတစ်ခုပဲပေါ့  ” ဟု ပေကျင်း Normal တက္ကသိုလ် ၊ ရပ်ဝန်းနှင့်ပိုးလမ်းမကျောင်း၏ အမှုဆောင်ဌာနမှူး Hu Biliang က ဆိုသည်။ကျောက်ဖြူအထူးစီးပွားရေးဇုန်က မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသများအကြား ကုန်သွယ်ရေး နှင့် စီးပွားရေး ဆက်ဆံမှု ပိုမိုခိုင်မာလာမည်ဖြစ်ရာ တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် ပို့ကုန်ဦးစားပေးစီးပွားရေးလုပ်ငန်းတစ်ခု ဖွံ့ဖြိုးတိုးတက်လာရန် နှင့် စွမ်းဆောင်ရည်မြှင့်တင်ရန် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုအတွက် တွန်းအားဖြစ်လာမည်ဖြစ်သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ပညာသင်ကြားနေသော ကလေးငယ်များအား ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမြင့်ဆုံးမျှော်မှန်းချက်များ

တည်ဆောက်မှု စတင်ခြင်းမရှိသေးသော်လည်း ဒေသခံများသည် စီမံကိန်းကို ထောက်ခံအားပေးကြောင်း ဖော်ပြခဲ့ကြပြီး အလုပ်အကိုင်များပိုမိုရရှိရန် ၊ ဝင်ငွေများပိုမိုတိုးပွားရန် နှင့် ပိုမိုကောင်းမွန်သော လူနေမှုဘဝ ရရှိရန် မျှော်လင့်နေကြသည်။“ ရခိုင်ပြည်နယ်အတွင်းက ပြည်သူများစွာဟာ အလုပ်အကိုင်ရှားပါးလာတဲ့အတွက် တခြားမြို့ကြီးတွေကိုပြောင်းရွှေ့သွားတာ နိုင်ငံရပ်ခြားကို ထွက်သွားကြတာတွေ ရှိတယ်” အလုပ်အကိုင်များ ပိုမိုဖန်တီးပေးခြင်းကသာ ၎င်းတို့အတွက် နေရပ်ပြန်လာရန် တစ်ခုတည်းသောလမ်းစ ဖြစ်ကြောင်း နှင့် ဒေသတွင်းစီးပွားရေးကို ပြန်လည်တည့်မတ်ကူညီပေးနိုင်မည်ဖြစ်ကြောင်း ကျောက်ဖြူမြို့တွင်နေထိုင်သည့် ဟိုတယ်ပိုင်ရှင် နှင့် ကျောက်ဖြူခရိုင်ဌာနေတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဖြစ်သူ ဦးငြိမ်းချမ်းမောင် ( Nyeinn Chann Maung) က ဆိုသည်။

“ လမ်းပန်းဆက်သွယ်ရေး နဲ့ လျှပ်စစ်မီးရရှိရေးတွေမှာ အခက်အခဲကြုံနေရတယ် ၊ ကျွန်တော်တို့မှာ ဈေးကွက်ကြီး မရှိဘူး။ စက်ရုံလေးတစ်ရုံစ နှစ်ရုံစ ဆောက်လိုက်ရုံနဲ့ အခြေအနေတွေက ပြောင်းလဲသွားမှာမဟုတ်ဘူး ” ဟု ၎င်းကဆင်ဟွာသို့ပြောကြားခဲ့သည်။ “ ဒါကြောင့် ကျွန်တော်တို့ဟာ သိပ်ကိုကြီးမားတဲ့ အထူးစီးပွားရေးဇုန်ကြီးတွေ လိုအပ်ပါတယ် ” ဟု ဆိုသည်။

“ ဒီစီမံကိန်းကြီးအတွက် ကျွန်တော်တို့ မျှော်လင့်နေတာ အချိန်အတော်ကြာပြီ  ၊ ရေအရမ်းလိုနေတဲ့လူတွေ  မိုးရာသီကို မျှော်သလိုပေါ့” ဟု ၎င်းက ပြောကြားခဲ့သည်။ “ တရုတ်နိုင်ငံခေါင်းဆောင်ကြီး လာရောက်လည်ပတ်တဲ့ခရီးစဉ်ဟာ ကျွန်တော်တို့ အကြာကြီးမိုးမျှော်နေခဲ့ရာက နောက်ဆုံးမှာ ရေရလိုက်သလိုပဲ ခံစားရတယ်” ဟုဆိုသည်။

နယ်ပယ်ပေါင်းစုံမှ လူ ၁၈ ဦးဖြင့်ဖွဲ့စည်းထားသည့် မြို့မမြို့ဖအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းနု(Tun Nu) က ကျောက်ဖြူအထူးစီးပွားရေးဇုန် အမြန်ဆုံးအကောင်အထည်ဖော်ရန် ၎င်း၏ မျှော်လင့်ချက်ကို ထုတ်ဖော်ပြောကြားခဲ့သည်။“ ဒီနေရာက ဆင်းရဲနွမ်းပါးမှုကြုံတွေ့နေရတဲ့ ဒေသတစ်ခုပါ ၊ ဒီစီမံကိန်းကနေ ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးဖို့ ကျွန်တော်တို့လိုချင်တယ်” ဟု ၎င်းက ဆိုသည်။

အသက် ၇၂ အရွယ် အဖိုးအိုက ရေနက်ဆိပ်ကမ်းသည် လူနေမှု ဘဝကို မြှင့်တင်နိုင်ရုံမျှမက ဒေသတွင်း စီးပွားရေးတိုးတက်အောင် မောင်းနှင်ပေးမည့် အင်ဂျင်စက်တစ်လုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။တရုတ်-မြန်မာ ရေနံ နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုတွင် ပါဝင်ကူညီပေးခဲ့သည့် လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးကျော်ကျော်စိုး(Kyaw Kyaw Soe) က ရေနက်ဆိပ်ကမ်းကို အထူးစိတ်ဝင်စားကြောင်း ၊ “ စီမံကိန်းမှာ ပူးပေါင်းဖို့ ကျွန်တော်တို့ ဆန္ဒရှိတယ် ဘာကြောင့်လဲဆိုရင် ဖွံ့ဖြိုးမှုကို ကျွန်တော်တို့ မျှဝေခံစားချင်လို့ပါပဲ” ဟု ဆိုသည်။အလွန်ကြီးမားသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးတစ်ခုသည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်ခြင်း နှင့် ဒေသခံများ၏ တစ်ဦးချင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP) ကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ဒေသခံများအား CITIC consortium training centre မှ သင်တန်းပို့ချနေသည်ကို ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကျွမ်းကျင်မှုအရည်အသွေးကို တွန်းအားပေးခြင်း

ကျောက်ဖြူဒေသည် ဖွံ့ဖြိုးမှုတွင်နောက်ကျကျန်နေခဲ့ရခြင်းမှာ လူငယ်များသည် အဆင့်မြင့်ပညာရပ်တစ်ခု သင်ကြားရန် အခွင့်အလမ်း နည်းပါးနေခဲ့ခြင်းကြောင့်ဖြစ်သည်။ ၎င်းတို့သည် စားဝတ်နေရေးအတွက် တံငါလုပ်ငန်း သို့မဟုတ် ကြုံရာကျပန်းလုပ်ကိုင်ခဲ့ကြသည်။ လူငယ်များအတွက် လက်တွေ့ကျွမ်းကျင်မှုများ ပိုမိုရရှိအောင် ကူညီရန် CITIC လုပ်ငန်းစုကြီးက လေ့ကျင့်ရေးသင်တန်းကျောင်းတစ်ခုကို ဖွင့်လှစ်ပေးခဲ့သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် စက်ဘီးစီးနင်းနေသည့် ဒေသခံတစ်ဦးအားတွေ့ရစဉ်(ဆင်ဟွာ)

ပထမဆုံး လေ့ကျင့်ရေးအစီအစဉ်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာ တွင်စတင်ခဲ့ပြီး အချိန် နှစ်လ ကြာမြင့်ကြောင်း ၊ အင်္ဂလိပ်စာ နှင့် လျှပ်စစ်အင်ဂျင်နီးယားရင်း(power engineering) ဘာသာရပ်များကို သင်ကြားပေးခဲ့ကြောင်း နှင့် ဒုတိယ လေ့ကျင့်ရေး အစီအစဉ်ကို လတ်တလောတွင် ဆောင်ရွက်နေပြီး တရုတ်ဘာသာ စကား သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

၎င်းလေ့ကျင့်ရေးသင်တန်းတွင် တရုတ်ဘာသာစကားလေ့လာသင်ယူနေသည့် သင်တန်းသူ ဒေါ်အေးသန္တာလင်းသည် အစိုးရနည်းပညာသိပ္ပံ(ကျောက်ဖြူ)၌ တွဲဖက်ပါမောက္ခတစ်ဦးဖြစ်ပြီး ၎င်းသင်တန်းသည် ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက် လူငယ်များကို အထူးအလေးထားလေ့ကျင့်ပေးနေသည့် သင်တန်းဖြစ်သည်။

“ တကယ်လို ကျွန်မ တရုတ်စကားပြောနိုင်ရန် တရုတ်လုပ်ငန်းတွေနဲ့ ချိတ်ဆက်တဲ့အခါမှာ ပိုပြီး လွယ်ကူချောမွေ့မှာပေါ့ ” ဟု ၎င်းကဆိုသည်။“ကျွန်မအနေနဲ့ တရုတ်စကားကို တစ်ဖက်ကမ်းခပ်တတ်ထားမယ်ဆိုရင် ကျွန်မကျောင်းသားလေးတွေ တရုတ်ကုမ္ပဏီတွေမှာ အလုပ်လုပ်ဖို့အတွက် အခွင့်အလမ်းပိုမိုရရှိအောင် လုပ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆရာမဒေါ်အေးသန္တာလင်းကဆိုသည်။ ထို့ပြင် “ ကျွန်မမျှော်လင့်ချက်ကတော့ ဒီရေနက်ဆိပ်ကမ်းကြောင့် ကျွန်မတို့ရဲ့ ဘွဲ့ရကလေးတွေ အလုပ်အကိုင်ကောင်းကောင်း ရလာကြမယ်” ဟူ၍ ၎င်းကပြောသည်။(Xinhua)