Connect with us

Politics

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကံကြမ္မာအကျိုးတူအသိုက်အဝန်း ပူးတွဲတည်ဆောက်ရန် သဘောတူ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်၌ ဇန်နဝါရီ ၁၈ ရက်က တွေ့ဆုံဆွေးနွေးနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ကံကြမ္မာအကျိုးတူအသိုက်အဝန်းတစ်ခု ပူးတွဲတည်ဆောက်ရန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေး ခေတ်သစ်တစ်ခု ဖွင့်လှစ်ရန် သဘောတူခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် နေပြည်တော်တွင် ဇန်နဝါရီ ၁၈ ရက်က တွေ့ဆုံဆွေးနွေးစဉ် အဆိုပါ ဆုံးဖြတ်ချက်အား ကြေညာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆုံးဖြတ်ချက်အား အကောင်အထည်ဖော်ရန်၊ စနစ်တကျ စီစဉ်ရန်နှင့် နယ်ပယ်စုံတွင် ထိတွေ့ဆက်ဆံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှု အဆင့်သစ် ဖြန့်ကျက်ရန်၊ နှစ်နိုင်ငံဆက်ဆံရေးအတွက် နိုင်ငံရေး လမ်းညွှန်မှု ခိုင်မာရန်နှင့် တရုတ်-မြန်မာဆက်ဆံရေးကို အဆင့်မြှင့်တင်ရေး တွန်းအားပေးရန် အားထုတ်မှုများ လုပ်ဆောင်ရန် သမ္မတ ရှီက တိုက်တွန်းခဲ့သည်။ 

ပထမအချက်အနေဖြင့် ရှီက နှစ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာများ ချိန်ညှိမှု မြှင့်တင်သွားရေးနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) တည်ဆောက်ရာတွင် ကြိုးပမ်းအားထုတ်မှု ပိုမိုလုပ်ဆောင်ရေး အရှိန်မြှင့်ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။နှစ်နိုင်ငံအနေဖြင့် ၎င်းတို့၏ စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု၊ ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာများ ထိရောက်စွာ အံဝင်ခွင်ကျြဖစ်ခြင်းနှင့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှုစွမ်းရည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ကောင်းမွန်စွာ အကောင်အထည်ဖော်ခြင်းဆိုင်ရာ ငါးနှစ်စီမံကိန်းအား အဆင့်မြှင့်တင်သွားမည်ဖြစ်သည်။ 

ဒုတိယအချက်အားဖြင့် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံတို့သည် ကွန်ရက်ချိတ်ဆက်မှု အားကောင်းစေရန် အဓိက ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို အလေးထားသွားမည်ဖြစ်ကြောင်း သမ္မတ ရှီက ပြောခဲ့သည်။တတိယအချက်ကမူ ရှီက တရုတ်နှင့် မြန်မာ နိုင်ငံတို့သည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး တိုးချဲ့ကာ ဒေသခံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုတွင် မျှဝေမှုရှိသောအကျိုးအမြတ်များဖြင့် တရားမျှတမှုကို အမြဲတစေ စောင့်ထိန်းလိုက်နာသွားမည်ဟု ဆိုသည်။

 တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်၌ ဇန်နဝါရီ ၁၈ ရက်က တွေ့ဆုံဆွေးနွေးနေစဉ် (ဆင်ဟွာ)

ထို့ပြင် တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ သွင်းကုန်များ တိုးမြင့်ပို့ဆောင်ရန် တရုတ်နိုင်ငံက ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံတွင် တရုတ်စီးပွားရေးရင်းနှီးမြှုပ်နှံမှုတိုးလာစေရန် ထောက်ပံ့သွားမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆန္ဒရှိကြောင်း ရှီက ပြောခဲ့သည်။စတုတ္ထအချက်အနေဖြင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုများ နက်ရှိုင်းရေး၊ နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရေးနှင့် နားလည်မှု တိုးမြင့်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။ ရှီက နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်နှင့် တရုတ်-မြန်မာ ယဉ်ကျေးမှုခရီးသွားနှစ် အောင်မြင်မှုတစ်ရပ်အနေဖြင့် အခမ်းအနားပွဲများ ကျင်းပသွားရန် တိုက်တွန်းခဲ့ပါကြောင်း၊ လူငယ်များ ထိတွေ့ဆက်ဆံမှုများကို တွန်းအားပေးခြင်းမှတစ်ဆင့် မျိုးရိုးစဉ်ဆက် “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးကို ဖြတ်သန်းနိုင်ပါစေကြောင်း ပြောခဲ့သည်။

မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာက မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ တည်ဆောက်မှုကို တက်ကြွစွာအဆင့်မြှင့်တင်ရန်၊ ကျောက်ဖြူရှိ စီမံကိန်းများ အပြည့်အဝအကောင်အထည်ဖော်ရန်နှင့် သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ ထုတ်လုပ်မှုစွမ်းရည်၊ လူသားဆန်မှုများ၊ နယ်စပ်နှင့် ဒေသခံအဆင့် စသည့် နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုကို ရှေ့ဆက်ရန် အသင့်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံက တရုတ်နိုင်ငံနှင့် ပူးတွဲကြိုးပမ်းအားထုတ်မှုများ ရှေ့ဆက်လုပ်ဆောင်ရေး၊ ကံကြမ္မာအကျိုးတူ မြန်မာ-တရုတ်အသိုက်အဝန်းတစ်ခု တည်ဆောက်ရေးနှင့် နှစ်နိုင်ငံ ပြည်သူများ ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးရရှိရေး လုပ်ဆောင်ရန် အသင့်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံအား ကာလရှည်ကြာစွာ အဖိုးထိုက်တန်သော နားလည်မှုကိုပေးထားကြောင်း၊ နှစ်နိုင်ငံနှင့် နိုင်ငံတကာအဆင့် နှစ်ခုစလုံးတွင် ထောက်ခံလျက်ရှိပါကြောင်း၊ ယင်းအချက်ကို မြန်မာပြည်သူများကလည်း အမြဲအမှတ်ရသွားမည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်က အချို့သောနိုင်ငံများသည် လူ့အခွင့်အရေး၊ လူမျိုးရေး သို့မဟုတ် ဘာသာရေးဆိုင်ရာ အရေးကိစ္စများ ခေါင်းစဉ်တပ်ကာ အခြားနိုင်ငံများ၏ပြည်တွင်းရေးကို တမင်သက်သက်ဝင်ရောက်စွက်ဖက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ထိုကဲ့သို့သော ဖိအားနှင့် ဝင်ရောက်စွက်မှုများကို ဘယ်သောအခါမျှ ဦးညွတ်သွားမည်မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နေပြည်တော်တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ပြည်သူများ ကြိုဆိုနေသည်ကို ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအရွယ်အစား အလယ်အလတ်နှင့် သေးငယ်သော နိုင်ငံများအတွက် နိုင်ငံတကာဖြစ်စဉ်များ၌ တရားမျှတရေးကို ဆက်လက်ကာကွယ်ပေးသွားရန်နှင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်ရေးတွင် အပြုသဘောဆောင်သောအပိုင်းမှ ပါဝင်သွားရန် မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

ထို့နောက် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအားလုံး၏ ပြည်သူများက ၎င်းတို့နိုင်ငံအခြေအနေများနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို လွတ်လပ်စွာရွေးချယ်မှုကို လေးစားရန် အမြဲတစေ စောင့်ထိန်းပါကြောင်း၊ အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုမရှိကြောင်းကို အခိုင်အမာပြောဆိုလျက်ရှိကြောင်း  ရှီက ပြောကြားခဲ့သည်။ 

နှစ်နိုင်ငံ ခေါင်းဆောင်များသည် တွေ့ဆုံဆွေးနွေးပြီးနောက် နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ လူသားချင်းစာနာထောက်ထားမှုရှိရေး၊ ဒေသခံနှင့် အခြားနယ်ပယ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်များ ဖလှယ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ထို့ပြင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ပူးတွဲကြေညာချက်တစ်စောင်ကိုလည်း ဇန်နဝါရီ ၁၈ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ ပူးတွဲကြေညာချက်အရ နှစ်နိုင်ငံစလုံးသည် ကုလသမဂ္ဂ၊ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုနှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုပလက်ဖောင်း စသဖြင့် ဒေသတွင်းနှင့် ဘက်ပေါင်းစုံပါဝင်သော ဆွေးနွေးညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်ရေး ဆက်လက်ဆောင်ရွက်ကြရန် သဘောတူခဲ့ကြောင်း သိရသည်။

စီးပွားရေး၊ ကုန်သွယ်ရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တရုတ်-မြန်မာ ပူးတွဲကော်မတီ၊ တရုတ်-မြန်မာ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကော်မတီ ကဲ့သို့သော လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုအတွက် အစိုးရအချင်းချင်းယန္တရားများတွင် အပြည့်အဝ ပါဝင်ရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ သစ်တော၊ စက်မှုလုပ်ငန်းစွမ်းဆောင်ရည်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေရေးကြေးရေ စသည့်နယ်ပယ်များတွင် နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရေး ဆက်လက်ဆောင်ကြဉ်းသွားရန် ကတိပြုခဲ့ကြသည်။ (Xinhua)