Connect with us

Social

တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းများအတွက် လှူဒါန်းမည့် ယွမ်သန်း(၂၀၀) အနက် ကနဦး ယွမ် (၄)သန်း စတင်ပေးအပ်

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းငွေပေးအပ်စဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် လှူဒါန်းမည့် ယွမ်သန်း(၂၀၀) အနက် ကနဦး ယွမ် (၄)သန်းကို ယနေ့(သြဂုတ် ၅ ရက်) ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို စတင်ပေးအပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ရန် အိမ်နီးချင်းကောင်းပီသစွာ အကူအညီပေး သည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ကချင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချ ထားရေးအတွက် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူ(IDPs)များ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဝန်ကြီးဌာနအနေဖြင့် ဒုတိယ ဝန်ကြီးက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူ၍ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။

ဆက်လက်ပြီး ကချင်ပြည်နယ်သို့ ကွင်းဆင်းဆောင်ရွက်ချက်အရ ဖြစ်နိုင်ခြေနှင့် လုံခြုံမှုရှိသည့် ကျေးရွာ(၅)ရွာ ကိုရွေးချယ်ပြီး ရှေးပြေးလုပ်ငန်းစီမံချက် ရေးဆွဲခဲ့ကြောင်း၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ လှူဒါန်းမည့် ယွမ်သန်း (၂၀၀)အနက် ယနေ့လှူဒါန်းသည့် ယွမ်(၄) သန်းကို ကနဦးရွေးချယ် ထားသည့် ကျေးရွာ(၅)ရွာမှ မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာ၊ ဝိုင်းမော်မြို့နယ်၊ ဒဘတ်ယန်ကျေးရွာနှင့် နန်ဆန်ယန်ကျေးရွာတို့တွင် နေအိမ်များကို အသစ် ဆောက်လုပ်ခြင်းနှင့် ပြုပြင်ခြင်းများကို ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ ဆောင်ရွက် အသုံးပြုသွားမည်ဖြစ်ပါ ကြောင်း၊ တရုတ် – မြန်မာစီးပွားရေးနှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု သဘောတူ ညီချက်အရ ခွင့်ပြုငွေ ယွမ်(၁)သန်း ကျခံသုံးစွဲမည့် ဖြစ်နိုင်ခြေဆန်းစစ် လေ့လာခြင်းကိုလည်း တာဝန်ပေးအပ်ထားသည့် Power China Kunming Engineering Cooperation အဖွဲ့မှ ပညာရှင်များက ကွင်းဆင်းဆောင်ရွက်တော့မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစု ပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးမတိုင်ခင် ကနဦး ဆောင်ရွက်ချက်များ အဖြစ် စတင်ဆောင်ရွက်နိုင်ပြီဖြစ်သည့်အတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးမစ္စတာချန်းဟိုင်က ခင်မင်ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်မှုအတွက် ထောက်ခံအားပေးခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အစောပိုင်းက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ သမ္မတ ရှီကျင့်ဖျင် ခရီးစဉ်တွင်  မြန်မာနိုင်ငံမြောက်ပိုင်းဒေသရှိ နေရပ်စွန့်ခွာရသူများ အတွက် ပြန်လည်နေရာချထားရေးအတွက် သဘောတူစာချွှန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး ကချင် ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများအတွက် ယွမ်သန်း(၂၀၀) ကူညီရန် သဘောတူခဲ့ကြောင်း၊ ယခုလို ဆောင်ရွက်ရခြင်းမှာ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို တိုးတက်မှုရရှိဖို့ ထောက်ခံပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုစီမံကိန်းသည် မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသရှိ နေရပ်စွန့်ခွာရသူများအတွက် စားဝတ်နေရေး အဆင့်အတန်းကို မြှင့်တင်စေနိုင် မည်ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဆောင်ရွက်နေသည့် လုပ်ငန်းများကို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းဒေသနှင့် ရခိုင်ပြည်နယ်တို့၏ တည်ငြိမ်အေးချမ်းမှု ကိစ္စရပ်များကိုလည်း ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက ပြောကြားသည်။

ယနေ့တွင် နေပြည်တော်ရှိ  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ကျင်းပသော ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် လှူဒါန်းပွဲကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဝန်ကြီးဌာနရှိ ညွှန်ကြားရေးမှူးချုပ်များနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင် နှင့်  သံရုံးမှ သံအရာရှိများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူ (IDPs) များ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးအတွက် တရုတ်နိုင်ငံက ကနဦးအဖြစ် ယွမ်(၄)သန်းကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ထံသို့ ပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.