Social
မြန်မာ့သစ်သီးဝလံများကို တရုတ်နိုင်ငံ၏ အွန်လိုင်းဈေးကွက်၌ ရောင်းချရန် ဆောင်ရွက်လျက်ရှိ
ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
မြန်မာ့သစ်သီးဝလံများကို တရုတ်နိုင်ငံ၏ အွန်လိုင်းဈေးကွက်၌ ရောင်းချရန် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ပန်းမံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်း (MFVP) အတွင်းရေးမှူးဦးကျော်သူက ဆင်ဟွာသို့ အောက်တိုဘာ ၂၂ ရက်တွင်ပြောကြားသည်။
“မြန်မာနိုင်ငံမှာရှိတဲ့တရုတ်သံရုံးကတတိယအတွင်းဝန်ကချိတ်ဆက်ပေးတာ။Alibaba ဘက်ကလည်းစိတ်ဝင်စားတယ်။Alibaba ဝက်ဆိုက်ပေါ်တင်ရောင်းဖို့အတွက်ကို ကျွန်တော်တို့လုပ်နေတယ်။ ကျွန်တော်တို့ဘက်မှာ တချို့တွေက Alibaba ပေါ်ဘယ်လိုတင်ရောင်းရလဲ။ E-commerce ဆိုတာဘယ်လိုလဲ။အွန်လိုင်းပေါ်ကတင်ရောင်းတာဘယ်လိုလဲဆိုတာ သေချာမသိကြသေးတဲ့သူတွေရှိတယ်။ တချို့ကြတော့တင်လိုက်ပြီး ဘယ်နားက ပြန်ရှာကြည့်ရမှန်း မသိတဲ့သူတွေလည်းရှိတယ်။မြန်မာနိုင်ငံကွန်ပြူတာ အသင်းချုပ်နဲ့ ကျွန်တော်တို့အသင်းနဲ့ ပေါင်းပြီးနောက်တစ်ပတ်မှာ ပညာပေးအစီအစဉ်လေး လုပ်ဖို့ဆောင်ရွက်နေပါတယ်။’’ ဟု၎င်းကဖြည့်စွက်ပြောကြားသည်။
ထိုသို့Alibaba ပေါ်တွင်တင်ပြီးရောင်းချသည့်အခါ သစ်သီးဝလံများတွင် ပိုးမွှားရောဂါစစ်ဆေးထိန်းချုပ်မှု၊ငွေပေး ချေမှုဆိုင်ရာ ကိစ္စများ၊ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ခွင့်နှင့် ဘာသာစကားအခက်အခဲများရှိလာနိုင်ကြောင်း သိရသည်။
“Alibaba ဘက်ကလည်းကျွန်တော်တို့ကိုပြန်ရှင်းပြဖို့အတွက်ပြင်နေတယ်လို့ကျွန်တော်တို့ သတင်းရပါတယ်။ နောက်တစ်ခုက စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း ယူနန်တက္ကသိုလ်နဲ့ ချိတ်နေတယ်။ အွန်လိုင်းပေါ်တင်ပြီးရောင်းနိုင်ဖို့ နည်းပညာအကူအညီအတွက်ချိတ်ဆက်နေတာရှိပါတယ်’’ ဟု ဦးကျော်သူက ဆက်ရှင်းပြသည်။
လက်ရှိတွင် တရုတ်-မြန်မာကုန်သွယ်ရေးတွင် နယ်စပ်ကုန်သွယ်ရေးကိုအဓိကအားကိုးနေရကြောင်း၊ယခုကဲ့သို့ ကပ်ရောဂါဖြစ်ပွားသည့်အချိန်တွင် နယ်စပ်ကုန်သွယ်ရေးကဏ္ဍ၌ အခက်အခဲများရှိကြောင်း၊ယခုကဲ့သို့ အွန်လိုင်းပေါ်မှ တင်ရောင်းနိုင်ပါက လက်ရှိအခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့် ရရှိထားပြီးဖြစ်သည့် ငှက်ပျောအပါအဝင် မြန်မာ့သစ်သီးဝလံကိုးမျိုး၊ သစ်သီးယိုစုံများနှင့် သစ်သီးစားသောက်ကုန်ထုတ်လုပ်နေသည့် လုပ်ငန်းများ၊ ချင်း၊ နနွင်း၊ ဝဥ၊ ဖာလာကုန်ခြောက်ပြုလုပ်၍ တင်ပို့နေသည့်လုပ်ငန်းများ၊တခြားသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကုန်စည် ထုတ်လုပ်၊ထုပ်ပိုး၊သယ်ယူ တင်ချလုပ်ငန်းများ အနေဖြင့် COVID-19 ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအတိုင်း လိုက်နာ၍ အစားအသောက်ဘေးကင်းလုံခြုံရေးစနစ်ထူထောင် ကြရန် MFVP မှ တိုက်တွန်းထားကြောင်း သိရသည်။
“Alibaba ပေါ်ရောင်းရင် အွန်လိုင်းကောင်းကောင်းသုံးတတ်ရမယ်။ E-commerce ကိုသေချာနားလည်ရမယ်။ ပြီးတော့ Online Payment စနစ်တွေ၊ Digital Marketing ကို တတ်ဖို့လိုလာပြီ၊ ပြီးတော့ ကိုယ့်ထုတ်ကုန် ကို ဘယ်လိုပြမလဲ ဆိုတာတွေကို ရောင်းချသူတွေကကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။Alibaba လိုနေရာမျိုးမှာ တင်ရောင်းရရင် ကျွန်တော်တို့အတွက်လည်းအရမ်းကောင်းတဲ့အနေအထားပါ’’ ဟုဦးကျော်သူက ဆက်ရှင်းပြသည်။ (Xinhua)