Connect with us

Social

မြန်မာ့သစ်သီးဝလံများကို တရုတ်နိုင်ငံ၏ အွန်လိုင်းဈေးကွက်၌ ရောင်းချရန် ဆောင်ရွက်လျက်ရှိ

သီရိမင်္ဂလာဈေးရှိ ဖရဲသီးဒိုင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
မြန်မာ့သစ်သီးဝလံများကို တရုတ်နိုင်ငံ၏ အွန်လိုင်းဈေးကွက်၌ ရောင်းချရန် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ပန်းမံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်း (MFVP) အတွင်းရေးမှူးဦးကျော်သူက ဆင်ဟွာသို့ အောက်တိုဘာ ၂၂ ရက်တွင်ပြောကြားသည်။

“မြန်မာနိုင်ငံမှာရှိတဲ့တရုတ်သံရုံးကတတိယအတွင်းဝန်ကချိတ်ဆက်ပေးတာ။Alibaba ဘက်ကလည်းစိတ်ဝင်စားတယ်။Alibaba ဝက်ဆိုက်ပေါ်တင်ရောင်းဖို့အတွက်ကို ကျွန်တော်တို့လုပ်နေတယ်။ ကျွန်တော်တို့ဘက်မှာ တချို့တွေက Alibaba ပေါ်ဘယ်လိုတင်ရောင်းရလဲ။ E-commerce ဆိုတာဘယ်လိုလဲ။အွန်လိုင်းပေါ်ကတင်ရောင်းတာဘယ်လိုလဲဆိုတာ သေချာမသိကြသေးတဲ့သူတွေရှိတယ်။ တချို့ကြတော့တင်လိုက်ပြီး ဘယ်နားက ပြန်ရှာကြည့်ရမှန်း မသိတဲ့သူတွေလည်းရှိတယ်။မြန်မာနိုင်ငံကွန်ပြူတာ အသင်းချုပ်နဲ့ ကျွန်တော်တို့အသင်းနဲ့ ပေါင်းပြီးနောက်တစ်ပတ်မှာ ပညာပေးအစီအစဉ်လေး လုပ်ဖို့ဆောင်ရွက်နေပါတယ်။’’ ဟု၎င်းကဖြည့်စွက်ပြောကြားသည်။

ထိုသို့Alibaba ပေါ်တွင်တင်ပြီးရောင်းချသည့်အခါ သစ်သီးဝလံများတွင် ပိုးမွှားရောဂါစစ်ဆေးထိန်းချုပ်မှု၊ငွေပေး ချေမှုဆိုင်ရာ ကိစ္စများ၊ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ခွင့်နှင့် ဘာသာစကားအခက်အခဲများရှိလာနိုင်ကြောင်း သိရသည်။
“Alibaba ဘက်ကလည်းကျွန်တော်တို့ကိုပြန်ရှင်းပြဖို့အတွက်ပြင်နေတယ်လို့ကျွန်တော်တို့ သတင်းရပါတယ်။ နောက်တစ်ခုက စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း ယူနန်တက္ကသိုလ်နဲ့ ချိတ်နေတယ်။ အွန်လိုင်းပေါ်တင်ပြီးရောင်းနိုင်ဖို့ နည်းပညာအကူအညီအတွက်ချိတ်ဆက်နေတာရှိပါတယ်’’ ဟု ဦးကျော်သူက ဆက်ရှင်းပြသည်။

လက်ရှိတွင် တရုတ်-မြန်မာကုန်သွယ်ရေးတွင် နယ်စပ်ကုန်သွယ်ရေးကိုအဓိကအားကိုးနေရကြောင်း၊ယခုကဲ့သို့ ကပ်ရောဂါဖြစ်ပွားသည့်အချိန်တွင် နယ်စပ်ကုန်သွယ်ရေးကဏ္ဍ၌ အခက်အခဲများရှိကြောင်း၊ယခုကဲ့သို့ အွန်လိုင်းပေါ်မှ တင်ရောင်းနိုင်ပါက လက်ရှိအခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့် ရရှိထားပြီးဖြစ်သည့် ငှက်ပျောအပါအဝင် မြန်မာ့သစ်သီးဝလံကိုးမျိုး၊ သစ်သီးယိုစုံများနှင့် သစ်သီးစားသောက်ကုန်ထုတ်လုပ်နေသည့် လုပ်ငန်းများ၊ ချင်း၊ နနွင်း၊ ဝဥ၊ ဖာလာကုန်ခြောက်ပြုလုပ်၍ တင်ပို့နေသည့်လုပ်ငန်းများ၊တခြားသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကုန်စည် ထုတ်လုပ်၊ထုပ်ပိုး၊သယ်ယူ တင်ချလုပ်ငန်းများ အနေဖြင့် COVID-19 ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအတိုင်း လိုက်နာ၍ အစားအသောက်ဘေးကင်းလုံခြုံရေးစနစ်ထူထောင် ကြရန် MFVP မှ တိုက်တွန်းထားကြောင်း သိရသည်။

“Alibaba ပေါ်ရောင်းရင် အွန်လိုင်းကောင်းကောင်းသုံးတတ်ရမယ်။ E-commerce ကိုသေချာနားလည်ရမယ်။ ပြီးတော့ Online Payment စနစ်တွေ၊ Digital Marketing ကို တတ်ဖို့လိုလာပြီ၊ ပြီးတော့ ကိုယ့်ထုတ်ကုန် ကို ဘယ်လိုပြမလဲ ဆိုတာတွေကို ရောင်းချသူတွေကကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။Alibaba လိုနေရာမျိုးမှာ တင်ရောင်းရရင် ကျွန်တော်တို့အတွက်လည်းအရမ်းကောင်းတဲ့အနေအထားပါ’’ ဟုဦးကျော်သူက ဆက်ရှင်းပြသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.