Connect with us

Social

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက COVID-19 ရောဂါကာကွယ်ရေးပစ္စည်းအစုံရေ ၂၄၀,၀၀၀ အား မြန်မာနိုင်ငံအစိုးရထံ လှူဒါန်းပေးအပ်

 မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် Video Conferencing စနစ်ဖြင့်အခမ်းအနားတက်ရောက်နေသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးအားတွေ့ရစဉ်  (ဆင်ဟွာ) 

ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက COVID-19 ရောဂါ ကာကွယ်ရေးပစ္စည်း အစုံရေ ၂၄၀,၀၀၀ အား မြန်မာနိုင်ငံအစိုးရထံ ယနေ့လှူဒါန်း လှူဒါန်းပေးအပ်ခဲ့ပြီး အခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

သံအမတ်ကြီး မစ္စတာချန်းဟိုင် က တရုတ်-မြန်မာနှစ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်သကဲ့သို့ ဆွေမျိုးပေါက်ဖော်ညီအစ်ကိုများလည်းဖြစ်ကြောင်း၊ ယခုနှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၇၀ ပြည့် ဖြစ်ကြောင်း၊ သမ္မတ မစ္စတာရှီကျင့်ဖိန် က နှစ်ဦးပိုင်းတွင် မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ် လာရောက်ခဲ့ပြိး သမိုင်းဝင်ရလဒ်များ ရရှိခဲ့ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များက တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ပြီး တရုတ်-မြန်မာဆက်ဆံရေး ခေတ်သစ်သို့ဝင်ရောက်ရန် သဘောတူညီခဲ့ကြကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းတို့အား အခမ်းအနားတွင်တွေ့ရစဉ်   (ဆင်ဟွာ) 

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံနိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်မှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းထံသို့  အလှူပစ္စည်းပေးအပ်စဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်ထံသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းမှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်စဉ် (ဆင်ဟွာ) 

ထို့အပြင် COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားသည့်အချိန်မှစပြီး တရုတ်-မြန်မာနှစ်နိုင်ငံက အပြန်အလှန်ဖေးမကူညီကာ ကပ်ရောဂါကို ပူးပေါင်းတိုက်ဖျက်ခဲ့သဖြင့် နှစ်နိုင်ငံပြည်သူများ တစ်လှေတည်းစီး တစ်ခရီးတည်းသွားသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပေါ်လွင်စေပြီး တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို အဓိပ္ပာယ်ဖော်လိုက်ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံက COVID-19 ကပ်ရောဂါ ဒုတိယလှိုင်းကို ကျော်ဖြတ်နေရကြောင်း၊ တရုတ်နိုင်ငံအစိုးရနှင့် နယ်ပယ်အသီးသီးက မြန်မာနိုင်ငံအတွက် တက်တက်ကြွကြွ ကူညီပေးနေကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားပြီး မြန်မာနိုင်ငံကကပ်ရောဂါကို ဆောလျင်စွာတိုက်ဖျက်နိုင်ရေးကို ကူညီသွားလိုကြောင်း သံအမတ်ကြီးမှ ဆက်လက်ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားသည့်အချိန်မှစပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ကုသရေးပစ္စည်းများစွာ လှူဒါန်းပေးအပ်ပြီး မြန်မာနိုင်ငံရောဂါတိုက်ဖျက်ရေးတွင် ကူညီရန်အတွက် ပညာရှင်အဖွဲ့များစေလွှတ်ခဲ့ကာ နှစ်ဦးနှစ်ဖက် ကျန်းမာရေးဌာနများကလည်း မကြာသေးမီက ဗွီဒီယိုအစည်းအဝေးကျင်းပ၍ ကူးလူးဖလှယ်ကာ အတွေ့အကြုံများ မျှဝေခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ကူညီမှုများဖြင့် မြန်မာနိုင်ငံ၏ ရောဂါကာကွယ်ထိန်းချုပ်ရေးစွမ်းရည် မြှင့်တင်ရေးအတွက် အင်တိုက်အားတိုက် ကူညီပေးခဲ့ကာ မြန်မာပြည်သူများ၏ အသက်ပေါင်းများစွာကို ကယ်ဆယ်ပေးခဲ့ကြောင်း၊ လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံးက COVID-19 ကပ်ရောဂါဒုတိယလှိုင်းကို ဘက်စုံကာကွယ်ထိန်းချုပ်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံထံ COVID-19 ရောဂါတိုက်ဖျက်ရေးပစ္စည်းများစွာ ထပ်မံလှူဒါန်းသည်ကို မြန်မာနိုင်ငံက လှိုက်လှဲစွာ ကျေးဇူးတင်ရှိပြီး
အဆိုပါပစ္စည်းများကို ကောင်းမွန်စွာအသုံးပြုသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံ နိုင်ငံတော်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ စသည့် အရေးပါအဆောက်အအုံများ တည်ဆောက်ရေးတွင် တက်တက်ကြွကြွ ကူညီပေးမှုကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အများပြည်သူကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုကို အတူတကွဖော်ဆောင်ကာ မြန်မာ-တရုတ် အေးအတူပူအမျှအသိုက်အဝန်းကို အတူတကွ တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင် တက်ရောက်ခဲ့ပြီး နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့်အတူ ဗွီဒီယိုဖြင့် အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် သံအမတ်ကြီး မစ္စတာချန်းဟိုင်မှ တရုတ်နိုင်ငံမှ လှူဒါန်းသည့် COVID-19 ရောဂါကာကွယ်ရေးပစ္စည်းအစုံရေ (၂၄၀,၀၀၀) အား ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ (Xinhua)